PSM(News) ဧပြီ ၉ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ရေလမ်းအတိုင်း ကင်းလှည့်လာသော စစ်ကော်မရှင် ရေယာဉ်တစ်စင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။ ကော့သောင်းတပ်နယ်မှ အင်အား ၂၀ ခန့်ပါဝင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ကော့သောင်း မြို့မှ လှေတစ်စီးဖြင့် ရေလမ်းအတိုင်း ခမောက်ငယ်ချောင်းဝသို့ ဦးတည်၍ ကင်းလှည့်လာကြောင်း တပ်တွင်းသတင်းရင်းမြစ်မှ အရေးပေါ်သတင်းပေးပို့ခဲ့သည်။ ထိုသို့ သတင်းရရှိသဖြင့် ဧပြီ ၇ ရက်နေ့တွင် ခမောက်ကြီးမြို့နယ်၊ မလိဝမ်းချောင်း (ဒေသအခေါ် တိုက်ဖြူနေရာ) သို့ အရောက်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ အထိနာကာ လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွား၍ ကော့ သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲဖြစ်စဉ်သည် ဒေသခံပြည်သူများနှင့် ပတ်သက်ဆက်နွယ်ခြင်း လုံး၀မရှိသော်လည်း ကော့သောင်းဒေသအတွင်း စစ်ရေးအရှိန်ဟုန် မြင့်တက်လာနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေး သတိရှိကြရန် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားသည်။ ဓာတ်ပုံ-ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Post navigation မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လူထုခေါင်းဆောင်နှင့် နိုင်ငံရေးအကျဉ်းသားများအတွက် ဆုတောင်း မေတ္တာပို့သကြရန် NLD လူငယ်များ တိုက်တွန်း “ကချင်မြေကိုလာပါ” တေးသီချင်းဖြင့် လူသိများသည့် တေးသံရှင် ဂျက်ဆန်ထွန်း တရုတ်နိုင်ငံတွင် ကွယ်လွန်