PSM(News)

စက်တင်ဘာ ၉၊ ၂၀၂၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကူး စင်းခန်းတံတားကို အာဏာလု စစ်အုပ်စုက ထိုးစစ်ဆင်ခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ထုတ်မှုကြောင့် ၁၈ ဦး သေဆုံးကာ အထိနာပြီး ဖရိုဖရဲ ဆုတ်ခွာသွားကြောင်း KIA စစ်ရေးရင်းမြစ်ထံမှ သိရသည်။

အာဏာလု စစ်အုပ်စုက ယနေ့ စက်တင်ဘာ ၉ ရက်က ရွှေကူနှင့် ဗန်းမော် ကြားရှိ KIA ပူးပေါင်း တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် စင်းခန်းတံတား ဝန်းကျင်သို့ အင်အား ၁၅၀ ခန့်ဖြင့် ထိုးစစ်ဆင် ချဉ်းကပ်လာခဲ့ခြင်းဖြစ်သည်။

“တံတား ပတ်ဝန်းကျင်ကို ချဉ်းကပ်လာတဲ့ စစ်တပ်ကို ချေမှုန်းလိုက်တာ လက်နက် ၉ လက်နဲ့ အလောင်း ၁၈ လောင်း ရတယ်။ စစ်ကြောင်းက ဖရိုဖရဲနဲ့ ဆုတ်ခွာသွားတယ်” ဟု KIA စစ်ရေးရင်းမြစ်က PSM ကို ပြောသည်။

စစ်တပ်သည် စစ်နည်းဗျူဟာအရ အရေးပါသည့် စင်းခန်းတံတားကို သိမ်းပိုက်ရရှိပြီဟု ဝါဒဖြန့်နေ သော်လည်း မြေပြင်တွင်မူ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ အထိနာလျက်ရှိသည်။

“သူတို့ ပြောနေတာနဲ့က ပြောင်းပြန်ပါ။ တံတားမှာ KIA က အသာအယာပဲ ဆက်လက် ထိုင်ထားတာပါ” ဟု KIA စစ်ရေးရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က စင်းခန်းတံတား အနီးတိုက်ပွဲတွင် အာဏာလု စစ်အုပ်စု၏ ထောက်ပို့သင်္ဘော နှစ် စီး လက်နက်ချခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်တွင် စစ်အုပ်စုက တံတားကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် တံတား သံဘောင်များနှင့် တံတားအနောက်ဘက် ခြေဆင်းတို့ ထိခိုက် ပျက်စီးခဲ့ရသည်။

KIA ပူးပေါင်းတပ်ဖွဲ့များသည် ရွှေကူနှင့် ဗန်းမော်ကြားရှိ အဆိုပါ ဧရာဝတီမြစ်ကူး စင်းခန်းတံတားကို ၂၀၂၄ ခုနှစ် ကတည်းက သိမ်းပိုက် ထိန်းချုပ်ထားခြင်းဖြစ်သည်။

ပုံစာ-၂၀၂၄ ခုနှစ်ကတည်းက စင်းခန်းတံတားကို ထိန်ချုပ်ထားသည့် KIA ပူးပေါင်း တပ်ဖွဲု့ဝင်များကို တွေ့ရစဉ်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed