PSM (News)

စက်တင်ဘာ ၁၀၊၂၀၂၆

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် ကျင်းပသည့်အဆင့်မြင့်လုံခြုံရေးဖိုရမ်အတွင်းအင်္ဂါနေ့ကဖြစ်ပွားခဲ့သောဖြစ်စဉ်တစ်ခုနှင့် ပတ်သက်၍ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီးလ်ဘာတိုး တေးအိုဒိုးရိုး က ပေကျင်း၏ လုပ်ရပ်များကို”အနိုင်ကျင့်မှု၊ဖိအားပေးမှုနှင့် ကျူးကျော်မှု”အဖြစ်ပြင်းထန်စွာဝေဖန်ရှုတ်ချလိုက်သည်။

အဆိုပါ ထိတွေ့ဖြစ်ပွားမှုမှာ ဝန်ကြီး ဂီးလ်ဘာတိုး တေးအိုဒိုးရိုး သည် ဆိုးလ်ကာကွယ်ရေး ဆွေးနွေးပွဲ (Seoul Defence Dialogue) စကားဝိုင်းတွင် ပါဝင်ဆွေးနွေးနေစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲအစီအစဉ်အတွင်း ပွဲစီစဉ်သူ ဝန်ထမ်းတစ်ဦးက စာရွက်တစ်ရွက်ကို လာရောက်ပေးအပ်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ Yonhap သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အဆိုပါစာတိုကို ဆိုးလ်မြို့ရှိ တရုတ်သံရုံးမှ စစ်သံမှူး၏ တောင်းဆိုချက်အရ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စင်ပေါ်တွင် စာတိုကို စစ်ဆေးပြီးနောက် ဝန်ကြီး ဂီးလ်ဘာတိုး တေးအိုဒိုးရိုး က ၎င်း၏ အကြောင်းအရာများကိုတက်ရောက်လာသူများအား အသံထွက်၍ ဖတ်ပြခဲ့သည်။ ထိုစာတိုထဲတွင် ဖိလစ်ပိုင်ဘက်မှ အနိုင်ရရှိခဲ့သည့် ၂၀၁၆ ခုနှစ် သည်ဟိဂ် အပြည်ပြည်ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏အခြေခံမူများကိုချိုးဖောက်ထားကြောင်း ဖော်ပြထားပြီး အငြင်းပွားဖွယ် ရေပြင်ဆိုင်ရာ ပေကျင်း၏ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုထားသည်။

ဖိုရမ်တွင် ပြောကြားရာ၌ ဝန်ကြီး ဂီးလ်ဘာတိုး တေးအိုဒိုးရိုး က ယခုကဲ့သို့ စကားဝိုင်းကျင်းပနေစဉ် စာတိုပေးပို့သည့် လုပ်ရပ်သည် အပြည်ပြည်ရဆိုင်ရာ ဥပဒေ၊ ဖိုရမ်ကျင်းပသူများနှင့်တက်ရောက်လာသည့်ကိုယ်စားလှယ်များကိုမလေးစားရာရောက်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ အခြေခံ သံတမန်ရေးရာ ယဉ်ကျေးပျူငှာမှုကို စောင့်ထိန်းသင့်ကြောင်းနှင့် အဆိုပါစာတိုကို ပေကျင်း၏သံတမန်ရေးရာစိတ်ပျက်အားငယ်မှုမှတ်တမ်းတစ်ခုအဖြစ်သိမ်းဆည်းထားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းမေးမြန်းမှုများကိုတုံ့ပြန်ရာတွင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကမြေပြင်တွင်ဖြစ်ပျက်ခဲ့သည့်အသေးစိတ်အချက်အလက်များကို မသိရှိကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း ဖိလစ်ပိုင် အရာရှိများအနေဖြင့်နှစ်နိုင်ငံဆက်ဆံရေးနှင့် တောင်တရုတ်ပင်လယ် ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေသည့် လုပ်ရပ်များကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနဘက်မှ တရားဝင် ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed