PSM (News) စက်တင်ဘာ ၉ ၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွေကူမြို့သို့ ရောက်ရှိနေသည့်စစ်သင်္ဘောများပါဝင်သည့် စစ်အုပ်စု ၏ ထောက်ပို့ သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ သင်္ဘော နှစ်စီး မီးလောင်ပျက်စီးသွားကြောင်း KIA စစ်ရေးရင်းမြစ်ထံမှ သိရသည်။ ကသာမြို့မှ ရွှေကူမြို့သို့ ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ညပိုင်းက ရောက်ရှိလာသော ခဲယမ်းများတင်ဆောင် လာသည့် အာဏာလု စစ်တပ်၏ သင်္ဘော ၄ စီးနှင့် ဖလက်ခွံသင်္ဘော နှစ် စီးပါ ထောက်ပို့သင်္ဘောအုပ်စုကို ယနေ့နံနက်ပိုင်းတွင် ရွှေကူဆိပ်ကမ်း၌ ကမ်းကပ်ထားစဉ် KIA ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ဟုတ်ပါတယ်။ ဖလက်ခွံသင်္ဘော နှစ်စီး မီးလောင်ပျက်စီးသွားတယ်။ အဲဒီလိုပဲ ပြောရမှာပေါ့” ဟု KIA စစ်ရေးရင်းမြစ်က PSM (News) သို့ အတည်ပြုပြောကြားသည်။ အဆိုပါ ထောက်ပို့သင်္ဘောအုပ်စုသည် ကသာမှ ရွှေကူသို့ ဆန်တက်လာသည့် လမ်းကြောင်းပေါ်ရှိ ဧရာဝတီမြစ်ကမ်းဘေးမှ တာလေးရွာနှင့် ဗောဓိကုန်းရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အရပ်သားနေအိမ်များ မီးလောင်ပြာကျခဲ့ပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။ အာဏာလု စစ်အုပ်စုသည် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်က စစ်သင်္ဘောများ အပါအဝင် ထောက်ပို့သင်္ဘော ၃၁ စီးဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ သင်္ဘောများအနက် သင်္ဘော အစီး ၂၀ မှာ ထီးချိုင်းမြို့နယ်အတွင်းရှိ တကောင်းနီကယ်စက်ရုံမှ နီကယ်များကို သယ်ယူရန် မောင်းကုန်းရွာ၌ ဆိုက်ကပ်ထားပြီး ကျန်သင်္ဘောများမှာ ကချင်ပြည်နယ်သို့ ဆက်လက်ဆန်တက်မည်ဖြစ်ကြောင်း PDF စစ်ရေးရင်းမြစ်က PSM ကို ပြောကြားထားသည်။ Post navigation မုတ်သုံလေ စတင်ဆုတ်ခွာပြီဖြစ်၍ တိုင်းနှင့်ပြည်နယ် အများစုတွင် မိုးရွာသွန်းမှု သိသိသာသာ နည်းပါး သွားမည် ဗန်းမော်မြို့နယ် စင်းခန်းတံတားတိုက်ပွဲတွင် အာဏာလု စစ်အုပ်စုဘက်မှ ၁၈ ဦး သေဆုံးပြီး အထိနာကာ ဆုတ်ခွာ