မောင်မောင်ကဲ/ PSM(News)

စက်တင်ဘာ ၉၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ယမန်နေ့ စက်တင်ဘာ ၈ ရက်က ကျင်းပသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲနှင့် ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက် တက်ရောက်လျက်ရှိကြောင်း သိရသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလတစ်လျှောက်လုံးတွင် ညီလာခံ မျက်နှာစုံညီ အစည်းအဝေးများ၊ လုံခြုံ ရေးကောင်စီ တံခါးဖွင့် အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ကာ မိန့်ခွန်းပေါင်း (၈၀) ကျော် ပါဝင်ပြောကြားခဲ့သည်။

ဦးကျော်မိုးထွန်း၏ မိန့်ခွန်းများတွင် အကြမ်းဖက် စစ်အုပ်စုက တရားမဝင် အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ ကြီးလေးသော ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်တွင် အဓိကထား ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင် စစ်အာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အမျိုး သားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီ မိတ်ဖက်အင်အားစုများ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်း ထောက်ပြဆွေးနွေးခဲ့သည်။

ယခု (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ချိန်တွင်လည်း အာဏာလု စစ်အုပ်စုဘက်က စေလွှတ်မည့် ကိုယ်စားလှယ်ကို ပယ်ချပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာပြည်သူများကို ကိုယ်စားပြုသည့် သံအမတ်အဖြစ် ဆက်လက်ထားရှိရန် ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများက “Our Ambassador – Our Voice” အွန်လိုင်းနှင့် မြေပြင် အင်အားပြ လှုပ်ရှားမှုများကို စက်တင်ဘာ ၈ ရက်မှစတင်၍ ပြုလုပ်လျက်ရှိသည်။

ယခုကျင်းပသည့် (၈၁) ကြိမ်မြောက် ညီလာခံဖွင့်ပွဲတွင် သဘာပတိအဖြစ် ရွေးချယ်ခံရသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Khalilur Rahman က တာဝန်စတင်လွှဲပြောင်းယူခဲ့ပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး အပါအဝင် ဦးစားပေး ခြောက်ရပ်ဖြင့် ဆောင်ရွက်သွားမည်ဟု မိန့်ခွန်းပြောကြားခဲ့သည်။

ပုံစာ-(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မြင်ကွင်း

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed