PSM (News) စက်တာဘာ ၁၀၊၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ၏ ဘော်နီယို နှင့် ဆူမားတြားကျွန်းများရှိ သစ်တောများနှင့် အပင်ဆွေး ရေဝပ်စိုစွတ်မြေများတွင် တောမီးများ ပြင်းထန်စွာ လောင်ကျွမ်းလျက်ရှိရာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ပမာဏမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ဥရောပသမဂ္ဂ၏ Copernicus ရာသီဥတု စောင့်ကြည့်ရေးအဖွဲ့၏ စက်တင်ဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ စက်တင်ဘာ ၁ ရက်မှ ၇ ရက်နေ့အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ တောမီးကြောင့် ကာဗွန်ထုတ်လွှတ်မှု ပမာဏသည် မက်ထရစ်တန် ၁၉.၇ သန်းအထိ ရှိခဲ့ပြီး ရုရှားနိုင်ငံထက် ကျော်လွန်သွားခဲ့ကာ တစ်ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း ထုတ်လွှတ်မှု၏ သုံးပုံတစ်ပုံကျော် ရှိခဲ့သည်။ “Super-El Niño” ရာသီဥတု အခြေအနေများကြောင့် အပူချိန်မြင့်တက်ကာ အပြင်းထန်ဆုံး မိုးခေါင်ရေရှားမှုများကို ကြုံတွေ့နေရပြီး ၁၁ နှစ်တာကာလအတွင်း အဆိုးရွားဆုံး တောမီးရာသီနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ စက်တင်ဘာ ပထမပတ်အတွင်း ခန့်မှန်းရရှိသော ထုတ်လွှတ်မှုသည် ပုံမှန်ရာသီအလိုက် ပျမ်းမျှထက် ၂၇၃ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့သည်။ တောမီးလောင်ကျွမ်းမှု အဆိုးရွားဆုံး ခံစားနေရသည့် ဒေသတစ်ခုဖြစ်သည့် အနောက်ကာလီမန်တန်ရှိ ပွန်တီယားနက် မြို့တွင် လေထုအရည်အသွေး ညွှန်းကိန်း (Air Quality Index) မှာ ၃၉၄ အထိ ရောက်ရှိခဲ့ပြီး ဘေးအန္တရာယ်ရှိသည့် အဆင့်သို့ ရောက်ရှိနေသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် သစ်တောဌာနစောင့်ကြည့်ရေး စနစ်များအရ စက်တင်ဘာ ၈ ရက်နေ့အထိ hotspots ပမာဏ ၁၃,၄၄၃ အထိ မှတ်တမ်းဝင်ခဲ့သည်။ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ လက်ရှိအချိန်သည် တောမီးရာသီ၏ စတင်ချိန်သာ ရှိသေးသဖြင့် မီးလောင်ကျွမ်းမှုနှင့် ထုတ်လွှတ်မှုများမှာ အောက်တိုဘာလကုန်အထိ ဆက်လက် မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။ ကိုးကား-Reuters Post navigation ထိုင်းနိုင်ငံ၊ ချွန်ဘူရီတွင် လူနေရပ်ကွက်အနီး တောမီးအရှိန်ဟုန်ဖြင့် လောင်ကျွမ်း၊ ထိခိုက်ပျက်စီးမှု မရှိဘဲ ထိန်းချုပ်နိုင်ခဲ့