PSM(News)

ဧပြီ ၉၊ ၂၀၂၆

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့များကို ၈ ရက်တာအတွင်း အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသည့်အပြင် တိုက်ခိုက်ရေးဒရုန်းတစ်စင်းကိုပါ ပစ်ချသိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက် ရေး တပ်မတော် (PLA) က ထုတ်ပြန်သည်။

PLA သည် ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့က ရမည်းသင်းမြို့နယ်၊ လွှစင်ကျေးရွာမှ ထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းကို မကွေးတိုင်း၊ မြို့သစ်မြို့နယ်နှင့် နတ်မောက်မြို့နယ် အကြားတွင် မိနစ် ၃၀ ခန့်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အနည်းဆုံး သုံး ဦး ထိခိုက်မှုရှိနိုင်ကြောင်း PLA ရဲဘော်များ၏ မျက်မြင်ပြောဆိုချက်အရ သိရသည်။

ထို့နောက် ဧပြီ ၃ ရက်နေ့တွင် နတ်မောက်မြို့နယ်၊ ကျောက်အိုးကျေးရွာအနီး၌ အဆိုပါစစ်ကြောင်းကို ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး နှစ် ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့ကလည်း နတ်မောက်မြို့နယ်၊ ကန်သာကျေးရွာအနီး၌ စစ်ကော်မရှင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်စဉ် စစ်ကော်မရှင်ဘက်မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါ တိုက်ခိုက်ရေးဒရုန်းကို PLA က ပစ်ချနိုင်ခဲ့ပြီး သိမ်းဆည်းရရှိခဲ့သည်။

၈ ရက်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကော်မရှင်ထံမှ တိုက်ခိုက်ရေးဒရုန်းတစ်စင်း၊ ဆေးဝါးများ၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း PLA က အတည်ပြုထုတ်ပြန်ထားသည်။

ဓာတ်ပုံ-PLA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *