PSM(News)

ဧပြီ ၉ ၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၈ ဦးကို မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း မိသားစုများနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြု လိုက်ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းခွင့်ပေးခြင်း အခမ်းအနားကို ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး အကျဉ်း သား ၃၅ ဦးနှင့် အကျဉ်းသူ ၃ ဦးတို့ကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် အကျင့်စာရိတ္တ ကောင်းမွန်သူများ၊ အသက်အရွယ် ကြီးရင့်သူများနှင့် ကျန်းမာရေး ချို့တဲ့သူများကို ဦးစားပေး စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း KNU က ဆိုထားသည်။

အခမ်းအနားတွင် ဖားအံခရိုင် အတွင်းရေးမှူး ပဒိုစောဘာဒီဖိုးနှင့် ဖားအံခရိုင် ရဲမင်းကြီး စောမောင်ကြည် တို့က လွတ်ငြိမ်းခွင့်ရသူများအား နောက်နောင်တွင် ပြစ်မှုထပ်မံ ကျူးလွန်ခြင်း မရှိစေရန် ဆုံးမဩဝါဒ ပေးခဲ့ကြသည်။

ထို့အပြင် KNU တာဝန်ရှိသူများက လွတ်မြောက်လာသူများ မိမိတို့၏ နေရပ်ရပ်ရွာများသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ရောက်ရှိနိုင်ရန်အတွက် လိုအပ်သည့် ခရီးစရိတ်နှင့် စားစရိတ် များကိုပါ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ -KNU

ပုံစာ- ဖားအံခရိုင်အကျဉ်းထောင်မှ အကျဉ်းသား ၃၈ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့်ပေး နေသည်ကို တွေ့ရစဉ်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *