PSM(News)

ဧပြီ ၈ ၊ ၂၀၂၆

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မရာဒေသတွင် ဘောလုံးပွဲကြည့်နေသည့် လူငယ် ၁၀၀ ကျော်ကို လက်နက်ဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ပြီးနောက်၊ မရာနယ်မြေအတွင်းရှိ အရွယ်ရောက်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) က ယနေ့ ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က မရာဒေသ၊ ရကားရွာ၌ Mara Thotlia Py (MTP) ဦးဆောင်သည့် ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း MDF တပ်ဖွဲ့ဝင် ၇၀ ခန့်က လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီးအသက်မပြည့်သေးသော လူငယ်များအပါအဝင် စုစုပေါင်း ၁၀၀ ကျော်ကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးမှုဖြစ်ပွားပြီး ၄ ရက်အကြာ ယနေ့တွင်မှ MTC/MDF က စစ်မှုထမ်းဥပဒေကို အကောင် အထည်ဖော်မည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက် ထုတ်ပြန်လာခြင်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် စစ်ကော်မရှင်၏ ထိုးစစ်ကို ခုခံရန်အတွက် အင်အားဖြည့်တင်းရန် အရေးပေါ်လိုအပ်နေသဖြင့် ဗဟိုကောင်စီ ၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“တော်လှန်ရေးအတွက် အင်အားလိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ အခုလို ပျော်ပွဲရွှင်ပွဲထဲကို လက်နက်တွေနဲ့ဝင်လာပြီး ကလေးတွေကိုပါ အုပ်စုလိုက် ဖမ်းသွားတာကတော့ တော်လှန်ရေး အဖွဲ့အစည်း တစ်ခုအနေနဲ့ မလုပ်သင့်တဲ့ကိစ္စပါ။ ဒါဟာ ပြည်သူကို အကာအကွယ်ပေးတာထက် ခြိမ်းခြောက်ရာ ရောက်နေပါတယ်” ဟု ဒေသခံတစ်ဦးက PSM ကို ပြောသည်။

စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် နယ်မြေ ကာကွယ်ရေးအတွက် အင်အားဖြည့်တင်းရာတွင် လူထု၏ ယုံကြည်ကိုးစားမှုကို ထိန်းသိမ်းရန်နှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာရန် အထူးလိုအပ်နေ ကြောင်း စစ်ရေးလေ့လာနေသူများကထောက်ပြထားသည်။

ပုံစာ- MDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံဟောင်း)

By Htet Ko