PSM(News) ဧပြီ ၈ ၊ ၂၀၂၆ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ကိုယ်ကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခံရရေးအတွက် လွှတ်တော်ခေါ်ယူခြင်းနှင့် သမ္မတရွေးချယ်ခြင်းများ ဟန်ပြလုပ်ဆောင်နေသော်လည်း လက်တွေ့မြေပြင် တွင်မူ ပြီးခဲ့သည့် မတ်လတစ်လတည်း၌ပင် အမျိုးသမီး ၈၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) ထံမှ သိရသည်။ စစ်အုပ်စုသည် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး “အကြမ်းဖက်သမား” သာဖြစ်ကြောင်း သက်သေပြနေသဖြင့် အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုလက်ခံ၍မရကြောင်း ယမန်နေ့ ဧပြီ ၇ ရက်တွင် BWU က ထုတ်ပြန်သည်။ BWU ၏ မှတ်တမ်းများအရ ပြီးခဲ့သည့် မတ်လ ၁ ရက်မှ ၃၁ ရက်အတွင်း စစ်အုပ်စုကြောင့် နိုင်ငံတစ်ဝန်းရှိ အမျိုးသမီး သေဆုံးသူ ၈၈ ဦး ရှိကာ ထိခိုက်ဒဏ်ရာရသူ ၅၄ ဦး အထိ ရှိခဲ့သည်။သေဆုံးရသည့် အဓိကအကြောင်းအရင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၇ ဦးအထိ ရှိခဲ့ပြီး ကျန်ရှိသူများမှာ မတရားသတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခံရခြင်းနှင့် လက်နက်ကြီးထိမှန်ခြင်း တို့ကြောင့် ဖြစ်သည်။ အထူးသဖြင့် သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၂၀ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦးအထိ ပါဝင်နေကြောင်း သိရသည်။ မတ်လအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်စဉ်မှာ မတ်လ ၅ ရက်နေ့က ပဲခူးတိုင်း၊ ညောင်လေး ပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများမှ ပြည်သူများကို စစ်တပ်က အစု လိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ အဆိုပါဖြစ်စဉ်တစ်ခုတည်းတွင်ပင် အမျိုးသမီး ၁၇ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ဒေသအလိုက်ကြည့်ပါက စစ်ကိုင်းတိုင်းတွင် ၃၇ ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်ပြီး ပဲခူးတိုင်းတွင် ၂၈ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိန်းဂဏန်းများသည် လက်လှမ်းမီသမျှ အချက် အလက်များသာဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း BWU က သတိပေးထား သည်။ လက်ရှိတွင် စစ်အုပ်စုသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း BWU ၏ ထုတ်ပြန်ချက်တွင် အလေးပေးဖော်ပြထားသည်။ Post navigation တောင်ဥက္ကလာတွင် လူငယ်များကို ဖမ်းဆီးကာ ငွေညှစ်ခြင်းနှင့် စစ်တပ်သို့ ရောင်းစားခြင်းများ ပြုလုပ်နေ MTC/MDF က လူငယ် ၁၀၀ ကျော်ကို ဘောလုံးပွဲအတွင်း လက်နက်ဖြင့် ဖမ်းဆီးပြီးနောက် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရန် ထုတ်ပြန်