PSM(News) ဧပြီ ၈၊ ၂၀၂၆ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက လမ်းသွားလမ်းလာ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပြီး မိသားစုထံမှ ငွေညှစ်ခြင်းနှင့် စစ်တပ်သို့ ပြန်လည် ရောင်းစားခြင်းများ ပြုလုပ်နေကြောင်း Rangoon Scout Network နှင့် ဒေသခံများထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ ဗြဟ္မာစိုရ်လမ်းပေါ်၌ ကွမ်းယာထွက်ဝယ်သည့် လူငယ်တစ်ဦးကို ယမန်နေ့ ဧပြီ ၇ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က ရုတ်တရက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့သည် ထိုသို့ဖမ်းဆီးပြီးနောက် ရပ်ကွက်ရုံးအတွင်း ချုပ်နှောင်၍ စစ်မှုထမ်းရန် ခြိမ်းခြောက်နေသည့်အပြင် ၎င်းနှင့်အတူ ဖမ်းဆီးခံထားရသည့် လူငယ် ခြောက် ဦးခန့် ရှိနေသေးကြောင်း သိရသည်။ “ရပ်ကွက်ရုံးထဲမှာ ဖမ်းထားတဲ့ လူငယ်တွေရဲ့ မိသားစုတွေကို ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ်။ ပိုက်ဆံ မပေးနိုင်လို့ ပြန်မရွေးတဲ့သူတွေကိုတော့ စစ်တပ်ဆီ ပြန်ရောင်းစားတာမျိုးတွေ လုပ်နေတာ” ဟု တောင်ဥက္ကလာရှိ မြို့ခံတစ်ဦးက PSM ကို ပြောသည်။ စစ်ကော်မရှင်သည် မြေပြင်တွင် အတင်းအဓမ္မ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့် ပြုလုပ်နေ သော်လည်း အခြားတစ်ဖက်တွင် တာဝန်ကာလ ၂ နှစ်ပြည့်သည့် အမှတ်စဉ် (၁) စစ်သင်တန်းဆင်းများကို နေရပ်ပြန်ခွင့်ပြုသည်ဟုဆိုကာ ဝါဒဖြန့်လျက်ရှိသည်။ ပြီးခဲ့သည့် ဧပြီ ၄ ရက်က ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ၌ တာဝန်ကာလ ၂ နှစ်ပြည့်မြောက်သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) စစ်သည်များကို နေရပ် ပြန်ခွင့်ပြုသည့် အခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် စစ်မှုထမ်းသက်တမ်း ၂ နှစ်ပြည့်၍ နေရပ်ပြန်ခွင့်ရသူ ၃၈၅ ဦးရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ ထို့ကြောင့် မူလက လူဦးရေ ၅,၀၀၀ ကျော်ရှိခဲ့သည့် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တွင် ယခုအခါ နေရပ်ပြန်ခွင့်ရသူမှာ ရာဂဏန်းဝန်းကျင်သာ ရှိသေးကြောင်း သိရသည်။ ထို့ကဲ့သို့ အရေအတွက် လျော့နည်းသွားခြင်းမှာ ၂ နှစ်တာကာလအတွင်း တိုက်ပွဲများ၌ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု အလွန်များပြားသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်မှု များပြား နေခြင်းကြောင့် ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။ လက်ရှိတွင် စစ်ကော်မရှင်သည် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) အထိ သင်တန်းဆင်းပေး ထားပြီးဖြစ်ကာ အမှတ်စဉ် (၂၃) ကို ထပ်မံဖွင့်လှစ်၍ လူသစ်များကို အရှိန်အဟုန်ဖြင့် စုဆောင်း နေဆဲဖြစ်သည်။ ပုံစာ-ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃)သို သင်တန်းတက်ရောက်ရန် စုဆောင်းခြင်းခံ ထားရသူများ။ Post navigation ရေဖြူတွင် စစ်ကော်မရှင်ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ရှင်းလင်း၊ အရာရှိများအပါအဝင် ၅ ဦးထက် မနည်း သေဆုံး စစ်အုပ်စုက မြေပြင်တွင် မတ်လ တစ်လတည်း၌ပင် အမျိုးသမီး ၉၀ နီးပါးကို သတ်ဖြတ်ခဲ့