PSM(News) ဧပြီ ၈၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်၏ ကာကင်းစခန်း နှစ် ခုကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရန်လာသည့် စစ်ကြောင်းကိုပါ ထပ်မံတိုက်ခိုက်ခဲ့ရာ အရာရှိများအပါအဝင် ငါး ဦးထက်မနည်း သေဆုံးကြောင်း လောင်းလုံးသံမဏိ လိပ်ပြာတပ်ဖွဲ့ (LLSBF) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရေဖြူမြို့နယ်ရှိ ခမရ (၄၀၆)၊ ခမရ (၄၀၇)၊ အမတ (၃၀၄) တပ်ရင်းများနှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း လမ်းမပေါ်ရှိ ကင်းတံတားစစ်တပ်ကာကင်း စခန်း နှစ် ခုတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်ပြိုင် တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် ယင်းနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ကင်းတံတားရှိ ကာကင်းစခန်း နှစ် ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၆ ရက်တွင်လည်း အဆိုပါစခန်းများအနီးသို့ နယ်မြေရှင်းလင်းရန် ရောက်ရှိလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းကို ပုတောက်ကုန်းကျေးရွာအရောက်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ အရာရှိ နှစ် ဦးအပါအဝင် ငါး ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။ အဆိုပါစစ်ဆင်ရေးကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (LLSBF)၊ ထားဝယ်ပြည်သူ့လွတ်မြောက် ရေးတပ် (TPLF)၊ ထားဝယ်ခရိုင် PDF တပ်ရင်း (၁)၊ (၈၀၀၂)၊ (၈၀၀၃)၊ ဗထူးတပ်မတော်၊ ရေဖြူမြို့နယ် ပကဖ နှင့် အခြားသော မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၁၅ ဖွဲ့ခန့် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ Post navigation ဘုတ်ပြင်းရှိ စစ်ကော်မရှင်အထိုင်စခန်းများ တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံး တောင်ဥက္ကလာတွင် လူငယ်များကို ဖမ်းဆီးကာ ငွေညှစ်ခြင်းနှင့် စစ်တပ်သို့ ရောင်းစားခြင်းများ ပြုလုပ်နေ