PSM(News)

ဧပြီ ၇၊ ၂၀၂၆

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း အခြေစိုက်တပ်စွဲထားသော စစ်ကော်မရှင်တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။

အင်အား ၂၀၀ ခန့်ရှိသော စစ်ကော်မရှင်စစ်ကြောင်းသည် လေညာ-ရတနာပုံလမ်းပိုင်းရှိ အမှတ် (၈) မိုင်အနီးသို့ ပြီးခဲ့သည့် မတ်လ ၂၂ ရက်မှ ဧပြီ ၂ ရက်အထိ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။ ထိုသို့ စစ်ကြောင်းထိုးလာသော အဆိုပါစစ်ကြောင်းသည် အမှတ် (၁) မိုင်ခွဲနေရာတွင် အခြေပြုကာ ခံစစ်ပြင်ဆင်နေစဉ် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ကြီးမဏ္ဍိုင်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်များ အထိုင်ချထားသည့် မီးသတ်ဌာန၊ ရဲစခန်း၊ မြို့ပေါ်ဘုန်းကြီးကျောင်း၊ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းနှင့် ဘန်ဂလားတာဝါတိုင် စသည့်နေ ရာများကိုလည်း ဒရုန်းဖြင့် Drop Bomb များ ချမှတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း စစ်ကော်မရှင်ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဘုတ်ပြင်းအခြေစိုက် စစ်ဆေးရုံသို့ ပို့ဆောင်ထား ရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကို KNLA အမှတ်(၂၀၃ )တပ်ရင်းမှ ဦးဆောင်ပြီး ကော့သောင်းခရိုင် ပြည်သူ့ ကာကွယ်ရေးအမှတ်(၁) တပ်ရင်း ၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအမှတ်(၂)တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF DRONE FORCE ) တို့က ပူးပေါင်း ဖော်ဆော်ခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုများသည် တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးသာဖြစ်ပြီး ဒေသခံပြည်သူလူထုနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်တွင် အထူးပြုဖော်ပြ ထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *