PSM(News) ဧပြီ ၇ ၊ ၂၀၂၆ တော်လှန်ရေးတပ်ဖွဲ့များ အင်းတော်မြို့ကို သိမ်းပိုက်ခဲ့သည့် ၁ နှစ်ပြည့်မြောက်သည့် ယနေ့ ဧပြီ ၇ ရက် တွင် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်နှင့် ဗန်းမောက်မြို့တို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကော်မရှင်တပ်များ အင်းတော်မြို့နယ်အထိ စစ်ကြောင်းထိုးလာနိုင်ခြင်းကြောင့် ဒေသတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။ ထီးချိုင့်၊ ဗန်းမောက်၊ ကသာ၊ မတ္တရာနှင့် သပိတ်ကျင်းစသည့် မြို့နယ်များမှ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်လာကြသူ အများအပြားသည် အင်းတော်မြို့နယ်အတွင်းရှိ မန္တလေး-မြစ်ကြီးနား ကားလမ်းဘေးကျေးရွာများတွင် ယာယီခိုလှုံနေကြခြင်းဖြစ်သည်။ ယခုအခါ အဆိုပါကျေးရွာများသို့ စစ်ကော်မရှင်စစ်ကြောင်းများ ရောက်ရှိလာနိုင်သည်ဟူသော သတင်းများ ကြောင့် ထပ်မံရွှေ့ပြောင်းရမည့်အရေးကို ပူပန်နေကြခြင်းဖြစ်သည်။ “ကျွန်မတို့က ကိုယ့်ဆီမှာ တိုက်ပွဲဖြစ်လို့ ပြေးလာရတာ။ အခု ဟိုဘက်က စစ်ကြောင်း ထွက်လာတော့မလိုလို၊ ဒီဘက်ကို လာပြီလိုလိုနဲ့။ ကျွန်မတို့ ထပ်ပြေးရဦးမလားဆိုပြီး စိုးရိမ်နေကြ ရတာပါ” ဟု အင်းတော်ဒေသတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက PSM ကို ပြောသည်။ လက်ရှိတွင် ဗန်းမောက်ဘက်မှ စစ်ကော်မရှင်တပ်များသည် အင်းတော်-ဗန်းမောက် လမ်းပိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေပြီး ထီးချိုင့်ဘက်မှ စစ်ကြောင်းများမှာလည်း အင်းတော်အထိ ထိုးစစ်ဆင် ရန်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ လက်ရှိအခြေအနေနှင့်ပတ်သက်၍ “စစ်ကြောင်းမထိုးဘူးလို့တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ လက်ရှိမှာ အင်းတော်ဘက်ကို မရောက်သေးဘူး။ အားလုံး သတိဝီရိယနဲ့ သတင်းတွေကို နားစွင့်ထားဖို့ အကောင်းဆုံးပါပဲ” ဟု Indaw Revolution (IR) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက PSM ကို ပြောသည်။ လက်ရှိတွင် စစ်ကော်မရှင်၏ ထီးချိုင့်စစ်ကြောင်းမှာ တည်တောရွာအထိသာ လာရောက်၍ ပြန်ဆုတ် ခွာသွားကာ ဗန်းမောက်စစ်ကြောင်းမှာလည်း မြောက်ပိုင်းဘက်သို့ ဦးတည်နေသည်ကို တွေ့ရကြောင်း Indaw Revolution ထံမှ သိရသည်။ “တော်လှန်ရေးတပ်များက အင်းတော်မြို့ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သော်လည်း အိမ်နီးချင်း ဗန်းမောက်မြို့မှာမူ ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် စစ်ကော်မရှင်တပ်၏ ပြန်လည် ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။ လက်ရှိတွင် အင်းတော်နှင့် နယ်မြေချင်းထိစပ်နေသော ကသာမြို့နယ်၌လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် စစ်ရေးမတည်ငြိမ်မှုများကြားတွင် စစ်ဘေးရှောင်ပြည်သူများမှာ နောက်ထပ် ရွှေ့ပြောင်း ရမည့်အရေးကို စိုးရိမ်ပူပန်နေကြောင်း သိရသည်။ ပုံစာ-ထီးချိုင့်မြို့ကိုထိန်းချုပ်ပြီးနောက် တွေ့ရသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ။ Post navigation ရေးတောင်ပိုင်းတွင် စစ်ကော်မရှင်တပ်ကို ညီနောင်တပ်ဖွဲ့များ ပြောက်ကျားစစ်ဆင်၊ စစ်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံး ဘုတ်ပြင်းရှိ စစ်ကော်မရှင်အထိုင်စခန်းများ တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံး