PSM(News) ဧပြီ ၇၊ ၂၀၂၆ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ရန်သူစစ်ကော်မရှင်တပ်၏ တိုက်ကင်းနှင့်ကာကင်းစခန်းများကို နှစ်ရက်ဆက်တိုက် ပြောက်ကျားစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ရန်သူ သုံး ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ရေးမြို့နယ်တောင်ပိုင်း၊ ရင်းဒိန်ကျေးရွာနှင့် ရင်းရယ်ကျေးရွာအကြား၌ တိုက်ကင်းလှည့်နေသော ရန်သူစစ်ကော်မရှင်တပ်ကို ပြီးခဲ့သည့် ဧပြီလ ၃ ရက်၊ နံနက် ၁၀ နာရီ၃၀ မိနစ်ဝန်းကျင်တွင် ညီနောင်တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်မှ ဗိုလ်တစ်ဦးနှင့် တပ်သား နှစ်ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့သည်။ ထို့ပြင် ဧပြီလ ၅ ရက်၊ ည ၉ နာရီ ၂၅ မိနစ်ခန့်က ခေါ်ဇာမြို့အခြေစိုက် အမှတ် (၃၁) ခြေလျင်တပ်ရင်း (ခလရ-၃၁) ၏ ကာကင်းစခန်းတစ်ခုကို ညီနောင်တပ်ဖွဲ့များက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမှာ မိနစ် ၂၀ ခန့်ကြာမြင့်၍ စစ်ကော်မရှင်တပ်သားများ ထိခိုက်သေဆုံးမှု များပြားနိုင်ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း MSRF တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ မိတလဉာဏ်က ဆိုသည်။ ယခုစစ်ဆင်ရေးများကို ညီနောင်တပ်ဖွဲ့များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း/အမှတ် (၈၀၀၂) တို့က ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ရေးမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကော်မရှင်၏ လက်အောက်ခံတပ်စခန်းများကို အဆက်မပြတ် ဖိအားပေးတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။ ဓာတ်ပုံ-MSRF Post navigation ကန့်ဘလူရှိ အရေးပါသော သဖန်းဆိပ်ဆည်နှင့် အင်တိုင်းရွာတပ်စခန်းကို စစ်ကော်မရှင်တပ်က အင်အားသုံးထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ် အင်းတော်သိမ်းပိုက်ခြင်း ၁ နှစ်ပြည့်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာနိုင်သဖြင့် ထပ်မံ တိမ်းရှောင်ရမည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေ