PSM (News) ဧပြီ ၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ စစ်ရေးအရ အရေးပါသော သဖန်းဆိပ်ဆည်နှင့် အင်တိုင်း ရွာတို့ကို အကြမ်းဖက် စစ်ကော်မရှင် တပ်က ယမန်နေ့ ဧပြီ ၆ ညပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ ပြန်လည်သိမ်းပိုက်သွားကြောင်း သိရသည်။ အဆိုပါ အင်တိုင်းရွာတပ်စခန်းသည် သဖန်းဆိပ်ဆည်နှင့် တစ်မိုင်ခန့်သာ ကွာဝေးပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်က တော်လှန်ရေးအင်အားစုများ သိမ်းပိုက်နိုင်ခဲ့သည့် အရေးပါသော စခန်းတစ်ခုဖြစ်သည်။ ၃ လကျော်အကြာတွင် အကြမ်းဖက် စစ်ကော်မရှင် တပ်က လေကြောင်းပစ်ကူနှင့် မြေပြင်အင်အား အမြောက် အမြားအသုံးပြုကာ ပြင်းထန်သော ထိုးစစ်ဆင်မှုကြောင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် သဖန်းဆိပ်ဆည်နှင့် အင်တိုင်းရွာစခန်းတို့ကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ “လျှပ်စစ်ရုံးကို ပြန်ပေးလိုက်ရတာ ဟုတ်ပါတယ်။ သူတို့ဘက်က လေကြောင်းကနေ ယာဉ်မျိုးစုံနဲ့လာတိုက် ခိုက်တာရယ်၊ မြေပြင်အင်အား အလုံးအရင်းနဲ့ တိုးလာတဲ့အတွက် ခွာစစ်ကို ရွေးလိုက်ရတာပါ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။ လက်ရှိတွင် အကြမ်းဖက် စစ်ကော်မရှင် တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် နယ်မြေများ ဆုံးရှုံးနေရချိန်၌ စစ်ကိုင်းတိုင်းအထက်ပိုင်း “ကသုံးလုံး” (ကန့်ဘလူ၊ ကောလင်း၊ ကသာ) ဒေသများရှိ ၎င်းတို့လက်လွှတ်ထားရသော စခန်းများကို ပြန်လည်ရရှိရန် အသည်းအသန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ကန့်ဘလူနှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ (Infinity Group) ကလည်း “အင်တိုင်းရွာကို ပြန်လည်ထိန်းချုပ်သွားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ မကြာမီရက်ပိုင်းအတွင်း ကျွန်းလှနဲ့ တန့်ဆည်အစပ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာနိုင်ခြေ ရှိတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြပါ” ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတိပေးနှိုးဆော်ထားသည်။ လက်ရှိတွင် အကြမ်းဖက် စစ်ကော်မရှင် တပ်သည် အင်တိုင်းရွာ၌ အထိုင်ချတပ်စွဲရန် ပြင်ဆင်နေပြီး၊ စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) နှင့် မုံရွာ (နမခ) တို့မှတစ်ဆင့် စစ်ရဟတ်ယာဉ်များအသုံးပြုကာ ကန့်ဘလူ (၆၀၀၆) တပ်သို့ အင်အားဖြည့်တင်းနေကြောင်း သိရသည်။ ထို့ပြင် ဧပြီလ ၆ ရက် ညနေပိုင်းတွင်လည်း ကျွန်းလှမြို့ဘက်သို့ စစ်ကူအင်အားအချို့ ထပ်မံပို့ဆောင် နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ဓာတ်ပုံ-စစ်ကော်မရှင် Post navigation CDF-Asho က “သမ္မတသစ် မင်းအောင်လှိုင်ကိုယ်စား” ငဖဲမြို့တွင်း လှည့်လည်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး အာဏာရှင်ကို ဆက်လက်ပုန်ကန်ရန် တိုက်တွန်း ရေးတောင်ပိုင်းတွင် စစ်ကော်မရှင်တပ်ကို ညီနောင်တပ်ဖွဲ့များ ပြောက်ကျားစစ်ဆင်၊ စစ်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံး