PSM(News)

ဧပြီ ၆၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ်ခံယူကာ အစိုးရအဖွဲ့သစ်ကို ဟန်ပြဖွဲ့စည်းနေချိန်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (အရှို) – CDF-Asho က ငဖဲမြို့အတွင်းသို့ ဝင်ရောက်၍ “မြို့တွင်းစစ်ဆေးရေး” ပြုလုပ်ပြီး သရော်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက် ညပိုင်းတွင် CDF-Asho မှ စစ်ကြောင်းမှူး မြွေပွေး ဦးဆောင်သည့် ရဲဘော်များသည် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် အာဏာရှင်၏ လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးများသို့ ဝင်ရောက်ခဲ့ကြသည်။

ထိုသို့ ဝင်ရောက်မှုကို “အာဏာရှင် အကြမ်းဖက် သမ္မတသစ် မင်းအောင်လှိုင်ကိုယ်စား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း” ဟု တင်စား၍ တော်လှန်ရေးအင်အားစုများက မြို့ပေါ်အထိ စိုးမိုးထားနိုင်မှုရှိကြောင်း ပြသခဲ့သည်။

ထို့အပြင် စစ်ကြောင်းမှူး မြွေပွေးနှင့်အဖွဲ့သည် ငဖဲမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးအနီးတွင် တည်ထားကိုးကွယ်ထားသည့် ဓာတ်တော်စေတီနှင့် အောင်မြေဒီပါစေတီတော်များအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ထို့နောက် မြို့နေပြည်သူများအနေဖြင့် အမည်ခံသမ္မတသစ် မင်းအောင်လှိုင်၏ အာဏာရှင်စနစ်ကို ဆက်လက်ပုန်ကန်ကြရန်နှင့် ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်တွင် ထပ်မံကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို မေ့လျော့မသွားကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဓာတ်ပု-CDF Asho

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *