PSM(News) ဧပြီ ၆၊ ၂၀၂၆ မြန်မာနိုင်ငံအလယ်ပိုင်း တော်လှန်ရေးဗဟိုချက်ဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေး ဒေသများရှိ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ပိုမိုစနစ်တကျ လည်ပတ်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒေသအသီးသီးရှိ ဖက်ဒရယ်ယူနစ်များအကြား တိကျသည့် လုပ်ငန်းသဘောတူညီချက်များ ရရှိခဲ့ကြောင်း သိရသည်။ ဧပြီ ၄ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့် ညှိနှိုင်းအစည်းအဝေးတွင် ပူးပေါင်းအကောင်အထည် ဖော်ရေးအဖွဲ့ ကို ချက်ချင်းဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ အဖွဲ့သည် မြေပြင်တွင် အမှန်တကယ် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ICBP အစီအစဉ်ဖြင့် တိုက်ရိုက် မြှင့်တင်ပေးသွားမည် ဖြစ်သည်။ ယခုဆွေးနွေးပွဲတွင် NUG ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဒေသအခြေစိုက် ဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် များအကြား လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို တိကျစွာ သတ်မှတ်နိုင်ခဲ့သဖြင့် ရှေ့လုပ်ငန်းစဉ် များတွင် ထပ်နေခြင်း သို့မဟုတ် ဟာကွက်ရှိနေခြင်းများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြေပြင်အုပ်ချုပ်ရေးအဖွဲ့များ၏ အရည်အသွေးကို မြှင့်တင်ရန်အတွက်လည်း ဒါရိုက်တာဘုတ် အဖွဲ့ဝင် ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့သဖြင့် သင်တန်းပေးရုံသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင် အတွင်း စွမ်းဆောင်ရည် စစ်ဆေးမြှင့်တင်မှုများ ပါဝင်လာမည်ဖြစ်သည်။ ထို့ပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေး ညှိနှိုင်းမှုရလဒ်များကို နမူနာယူ၍ အခြားသော တော်လှန်ရေး ဒေသများရှိ ဖက်ဒရယ်ယူနစ်များတွင်လည်း အုပ်ချုပ်ရေးစံနှုန်းများအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ အသုံးပြုနိုင်ရန်အတွက် မြေပြင်တွင် ပြည်သူ့ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများ၏ စွမ်းဆောင် ရည်ကို မြှင့်တင်ပေးရန်နှင့် အဖွဲ့အစည်းအသီးသီးကြား ဟန်ချက်ညီညီ ချိတ်ဆက်နိုင်ရန် လိုအပ်သည်ဟု အစည်း အဝေး တက်ရောက်ခဲ့သူတစ်ဦးက ဆိုသည်။ အဆိုပါ ဆွေးနွေးပွဲသို့ CRPH ကိုယ်စားလှယ်များ၊ NUG ပြည်ထောင်စုဝန်ကြီးများ၊ ဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်များနှင့် လွှတ်တော်ဥက္ကဋ္ဌများ စုံစုံလင်လင် တက်ရောက်ခဲ့ကြောင်း သိရသည်။ Post navigation ၂၀၀၈ ဖွဲ့စည်းပုံချိုးဖောက်၍ ကျမ်းမကျိန်မီ ဝန်ကြီးချုပ်များခန့်ကာ ဝန်ကြီးဌာနစာရင်း တင်သွင်းသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လုပ်ရပ်မှာ အာဏာရှင်သက်တမ်းတိုးပွဲသာဖြစ် CDF-Asho က “သမ္မတသစ် မင်းအောင်လှိုင်ကိုယ်စား” ငဖဲမြို့တွင်း လှည့်လည်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး အာဏာရှင်ကို ဆက်လက်ပုန်ကန်ရန် တိုက်တွန်း