မောင်မောင်ကဲ / PSM(News)

ဧပြီ ၆ ၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် အမည်ခံသမ္မတအဖြစ် ရယူရန် ပြင်ဆင်နေချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဗြောင်ကျကျ ချိုးဖောက်၍ ဝန်ကြီးဌာန ၃၁ ခုဖြင့် အစိုးရအဖွဲ့သစ် ဖွဲ့စည်းရန် ကြိုးပမ်းနေကြောင်း သိရသည်။

ယနေ့ ဧပြီ ၆ ရက်တွင် ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသောလွှတ်တော် (လွှတ်တော်အတု)တွင် သမ္မတရုံး နှစ် ခု အပါအဝင် ဝန်ကြီးဌာနများကို ပြန်လည်ဖွဲ့စည်းရန် အဆိုပြုခဲ့သည်။ ထိုသို့ အဆိုပြုခဲ့ခြင်းမှာ ၎င်း၏ လူယုံတော်များကို နေရာပေးရန်နှင့် စစ်အာဏာရှင် စနစ်ကို သက်တမ်းတိုးရန်သာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

🟥ဥပဒေအရ အရည်အချင်း ပျက်ယွင်းနေသည့် “ဗိုလ်ချုပ်မှူးကြီး” သမ္မတ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃)၊ ပုဒ်မ ၆၃ အရ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ရွေးချယ်တင်မြှောက်ခံရသည့်နေ့မှစ၍ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်သော်လည်း မင်းအောင်လှိုင်သည် “ဗိုလ်ချုပ်မှူးကြီး” ဆိုသည့် စစ်ဘက်အဆင့်ကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

“သမ္မတဟာ အရပ်သား ဖြစ်ရပါမယ်။ အခုက ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပေးတယ် ဆိုပေမယ့် စစ်ဘက်အဆင့် ဗိုလ်ချုပ်မှူးကြီးရာထူးကို ဆက်ယူထားတာဟာ စစ်တပ်ထဲမှာ ရှိနေသေးတဲ့ သဘောပါပဲ။ ကျမ်းမကျိန်ခင်မှာ အငြိမ်းစားယူကြောင်း တရားဝင် မထုတ်ပြန်ဘဲ ဗိုလ်ချုပ်မှူးကြီး အမည်နဲ့ သမ္မတလုပ်ဖို့ ကြိုးစားနေတာဟာသမ္မတ အရည်အချင်း ပျက်ယွင်းမှု မြောက်နေပါတယ်” ဟု ဥပဒေပညာရှင်တစ်ဦးက PSM ကိုပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၅ တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်း သစ္စာပြုပြီးမှသာ မိမိ၏တာဝန်ကို စတင်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ် ကျမ်းကျိန်ဆိုခြင်းမရှိသေးမီ ဝန်ကြီးဌာနများ သတ်မှတ်ခြင်းနှင့် ဝန်ကြီးစာရင်း တင်သွင်းခြင်းသည် “ဥပဒေမဲ့ အာဏာကျင့်သုံးခြင်း” ဖြစ်သည်။

ထို့ပြင် ဧပြီ ၃ ရက်နေ့က သမ္မတအဖြစ် ရွေးကောက်ခံပြီးနောက် စစ်ကော် မရှင်၏ ဝါဒဖြန့်သတင်းစာ များတွင် “ရွေးကောက်တင်မြှောက်ခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်” ဟု သုံးနှုန်းထားခြင်းမှာလည်း စစ်ဘက်အာဏာနှင့် အရပ်ဘက်ရာထူးကို ရောထွေးကာ ဥပဒေမဲ့ လုပ်ဆောင်နေခြင်းကို သက်သေပြနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

🟥လူယုံတော်များအတွက်နေရာချဲ့ထွင်သည့် ဝန်ကြီးဌာန၃၁ ခု

ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ထားသည့် စစ်ခေါင်းဆောင်သည် သမ္မတအဖြစ် ဦးဆောင်မည့် အစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကာ သမ္မတရုံး ဝန်ကြီးဌာနကိုလည်း နှစ် ခုအထိ ခွဲထုတ်ထားသည်။

စစ်ခေါင်းဆောင်အနေဖြင့် ယခုကဲ့သို့ ဝန်ကြီးဌာနများကို စိတ်ကြိုက် ပြင်ဆင်ဖွဲ့စည်းခြင်းမှာ အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ၃ ကြိမ်မြောက်ဖြစ်ပြီး အဓိကအားဖြင့် ၎င်း၏ လူယုံတော်များကို ရာထူးနေရာများ ခွဲဝေပေး၍ အာဏာကိုဆက်လက်ချုပ်ကိုင်ရန် လက်ဦးမှုရယူခြင်းပင်ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ၎င်းကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ၎င်း၏ လူယုံတော် ဦးညိုစောကို ဝန်ကြီးချုပ်အဖြစ် လည်းကောင်း အမည်ခံ တင်မြှောက်ခဲ့ပြီး ယခုအခါတွင်မူ ၎င်းကိုယ်တိုင် သမ္မတနေရာကို ရယူကာ စစ်အစိုးရအဖွဲ့ကို ပြန်လည် မွမ်းမံနေခြင်းဖြစ်သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *