PSM (News) စက်တင်ဘာ ၅၊ ၂၀၂၆ တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ်သို့ ဆန်တက်ရန်အတွက် စစ်သင်္ဘော ခြောက် စီး အပါအဝင် အာဏာလု စစ်အုပ်စု၏ ထောက်ပို့ ရေယာဉ် ၁၇ စီး မတ္တရာမြို့နယ်အတွင်းသို့ ရောက်ရှိလာကြောင်း မြေပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းမှူးတစ်ဦးက PSM ကို အတည်ပြု ပြောကြားသည်။ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်ခွာလာသော စစ်အုပ်စု၏၏ ထောက်ပို့ ရေယာဉ် စုစုပေါင်း ၃၁ စီးအနက်မှ ကနဦး ၁၇ စီးမှာ ယနေ့ စက်တင်ဘာ ၅ ရက် တွင် မတ္တရာမြို့နယ်အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ “စစ်သင်္ဘော ၆ စီး အပါအဝင် ၁၇ စီး မတ္တရာကို ရောက်ပါတယ်။ နောက်ထပ်လည်း ရောက်ဖို့ ရှိပါတယ်။ အရင်တစ်ခေါက်တုန်းက မြှုပ်ပြီး ရေထဲမျောလာတဲ့ ပစ္စည်းတွေကို ကြည့်ပြီး ပြောရရင် WY (စိတ်ကြွရူးသွပ်ဆေးပြား) တွေ၊ ဆေးဝါးတွေ ပါမယ်လို့ ယူဆရတယ်။ နောက်ပြီး ခဲယမ်းတွေနဲ့ ရိက္ခာတွေ ပါမယ်။ သံခွန်တစ်စီးကို အနည်းဆုံး စစ်သား ၁၂၀ ကျော်လောက် တင်ထားတယ်” ဟု PDF တပ်ရင်းမှူးက ဆိုသည်။ အာဏာလု စစ်အုပ်စုသည် ထောက်ပို့ရေယာဉ်တန်းများ ဆန်တက်ရာ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် လမ်းကြောင်းရှင်းသည့် အနေဖြင့် မြစ်ကမ်းဘေး ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခြင်းနှင့် မြေပြင် စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လေ့ရှိသဖြင့် မြစ်ကမ်းဘေး ဝဲ၊ ယာရှိ ပြည်သူများ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်ကို သတိပြုကြရန် တော်လှန်ရေး အဖွဲ့အစည်းများက နှိုးဆော်ထားသည်။ “ဒီတစ်ခါ အရင်တစ်ခါထက် ပိုပြီး လေကြောင်းကို အသုံးပြုမယ်လို့ ကျွန်တော်တို့ ကြားထားတယ်။ မြစ်ကမ်းဘေး ရွာတွေက ပြည်သူတွေ ကြိုတင် ရှောင်ရှားကြဖို့ လိုပါမယ်” ဟု အဆိုပါ PDF တပ်ရင်းမှူးက ဆက်လက် သတိပေးသည်။ ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်ကလည်း မန္တလေးမြို့မှနေ၍ စစ်အုပ်စု၏ တိုက် ခိုက်ရေး ရေယာဉ် နှစ် စီး၊ ကမ်းထိုး ရေယာဉ် လေး စီးနှင့် တွဲတွန်းရေယာဉ် ရှစ် စီး ပါဝင်သော စစ်အုပ်စု၏ ထောက်ပို့ ရေယာဉ်တန်းသည် မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေသည့် ဗန်းမော်မြို့သို့ စစ်ကူနှင့် ရိက္ခာပို့ရန် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့သည်။ အဆိုပါ စစ်ရေယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ကသာ-ရွှေကူ အကြားနှင့် ရွှေကူ-ဗန်းမော် အကြားတို့တွင် ဖြတ်တောက် တိုက်ခိုက်ခဲ့သဖြင့် စစ်သင်္ဘောများ အပါအဝင် ရေယာဉ် ငါး စီးထက်မနည်း ပျက်စီး နစ်မြှုပ်ခဲ့ကာ တပ်ဖွဲ့ဝင် ၁၀၀ ကျော် လက်နက်ချခဲ့ရပြီး ရေယာဉ် ခြောက် စီးခန့်သာ ဗန်းမော်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ ဓာတ်ပုံ- ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Post navigation ရခိုင်တွင်စစ်အုပ်စုက လေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ ပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပြုရန် ULA သတိပေး ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပတ်စဉ် -၅ သင်တန်းဆင်းပွဲ ကျင်းပ