PSM (News) စက်တင်ဘာ ၆၊ ၂၀၂၆ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စင်းခန်း ဧရာဝတီမြစ်ကူးတံတားကို အာဏာလု စစ်အုပ်စုက ယနေ့ စက်တင်ဘာ ၆ ရက် တွင် လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်စစ်ရေး သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။ စစ်အုပ်စုသည် မြေပြင် တိုက်ပွဲများအပြင် ဧရာဝတီမြစ်ကြောင်းအတိုင်း စေလွှတ်သည့် သင်္ဘောအုပ်စုပါ အထိနာပြီး တံတားကို ပြန်လည်စိုးမိုးနိုင်ခြင်း မရှိသည့်နောက်ပိုင်း လေကြောင်းမှ ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် တံတား၏ အရှေ့ဘက်နှင့် အနောက်ဘက် အစိတ်အပိုင်းများ ထိခိုက်ပျက်စီးသွားခဲ့သည်။ “အရှေ့ဘက်တံတား သံဘောင်ကွေးသွားတယ်။ ကားတစ်စီးစာလောက် ပေါက်သွားတယ်။ အနောက် ဘက်တံတား ခြေရင်းလည်း အနည်းငယ် ထိပါတယ်” ဟု မြေပြင် ကချင်စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။ အဆိုပါ စင်းခန်းတံတားသည် ဗန်းမော်မြို့အတွက် စစ်ရေးအရ အရေးပါသော လမ်းကြောင်းပေါ်တွင် တည်ရှိပြီး KIA နှင့် ပူးပေါင်းတပ်များက၂၀၂၄ ခုနှစ်တည်းက ထိန်းချုပ်ထားခြင်းဖြစ်သည်။ အာဏာလု စစ်တပ်သည် ဗန်းမော်မြို့သို့ အင်အားဖြည့်တင်းနိုင်ရေးအတွက် ကြည်း၊ ရေ၊ လေ စစ်ကြောင်းများဖြင့် စင်းခန်းတံတားကို ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဩဂုတ်လကုန်နှင့် စက်တင်ဘာလဆန်းပိုင်း တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှု များပြားခဲ့သည်။ အထူးသဖြင့် စက်တင်ဘာ ၂ ရက်က ရွှေကူမြို့နယ် ဇင်းဘုံရွာနှင့် စင်းခန်းတံတားကြား ရေကြောင်း တိုက်ပွဲအတွင်း အာဏာလု စစ်အုပ်စု၏ စစ်သင်္ဘောအများအပြား ထိခိုက်ပျက်စီးခဲ့ကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို KIA ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် စင်းခန်းတံတား အနီးဝန်းကျင်၌ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် နှစ်ဖက် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။ “စစ်တပ်က ဒရုန်း၊ လေကြောင်း အပါအဝင် လက်နက်မျိုးစုံနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အပြင်းအထန် ခုခံလျက်ရှိတယ်” ဟု KIA သတင်းပြန်ကြားရေးဌာန၏ တိုက်ပွဲ အခြေ အနေ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တံတားပျက်စီးမှုကြောင့် ဒေသခံများနှင့် ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှုများ ရှိလာနိုင်ပြီး စစ်ရေးအခြေအနေမှာလည်း ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေသည်။ ဓာတ်ပုံ-CJ Post navigation စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ဘန်ကောက်ငလျင်အန္တရာယ်