PSM (News) စက်တင်ဘာ ၅၊ ၂၀၂၆ ရခိုင်ပြည်နယ်တွင် ယခု စက်တင်ဘာလဆန်းပိုင်းမှစ၍ အာဏာလု စစ်အုပ်စု၏ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် အချိန်မရွေး တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်ရှိနေသဖြင့် ရခိုင် ပြည်နယ်အတွင်းရှိ ပြည်သူလူထုအနေဖြင့် အထူးနိုးနိုးကြားကြား စောင့်ကြည့်၍ သတိပြုနေထိုင်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ယမန်နေ့ စက်တင်ဘာ ၄ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။ စစ်အုပ်စုသည် အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများနှင့် လူထူထပ်သည့် နေရာများကို ပန်းတိုင်ထား၍ လက်နက်ကြီးနှင့် လေကြောင်းမှတစ်ဆင့် နေ့စဉ်နီးပါး တိုက်ခိုက်လျက်ရှိကြောင်း ULA က ဆိုသည်။ စစ်အုပ်စု စစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့များတွင် စစ်တွေ၊ ဂွ၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့မှ ရပ်ရွာများအပြင် ကျိန္တလီ၊ ပုန်းညှက်၊ စေတီကွင်းနှင့် ငပလီ ကမ်းခြေတစ်လျှောက်သို့ စစ်သင်္ဘောများနှင့် မြေပြင်တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။ ထို့အပြင် ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် သုံးမြို့စပ်ရှိ ကွမ်းတောင်၊ ကုန်းတန်းကြိမ်ချောင်း၊ မက္ကလာကျ၊ ညိုရောင်၊ မင်းလှနှင့် မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်၊ ညောင်ပင်ကြီး စသည့် ရခိုင်နှင့် မူဆလင် ကျေးရွာများအတွင်းသို့ ဂျက်တိုက်လေယာဉ် လေး စီးဖြင့် မိနစ် ၃၀ ခန့် လှည့်ပတ် ဗုံးကြဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ကမ်းခြေ၊ ချောင်းကမ်းနားနှင့် မြို့ရွာအသီးသီးရှိ ပြည်သူများအနေဖြင့် လေကြောင်း အချက်ပြမှုများကို စနစ်တကျ စောင့်ကြည့်ရန်၊ စစ်အုပ်စု၏ အချိန်မရွေး ပစ်ခတ်နိုင်သည့် လေကြောင်း၊ ရေကြောင်းနှင့် လက် နက်ကြီး အန္တရာယ်များကို အထူးသတိထားကာ တစ်ဦးနှင့်တစ်ဦး သတိပေး၍ ရေကြောင်း၊ လေကြောင်း အန္တ ရာယ်မှ ကာကွယ်နိုင်ရေး စနစ်တကျ ပြင်ဆင်နေထိုင်ကြရန် ULA က တိုက်တွန်းထားသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ အဆိုပါ အသိပေး ထုတ်ပြန်ချက်ကို မြန်မာ (ရက္ခိုင်) ဘာသာအပြင် အင်္ဂလိပ်နှင့် တရုတ် ဘာသာစကားနှစ်မျိုးဖြင့်ပါ ပူးတွဲ ထုတ်ပြန်ထားပြီး အာဏာလုစစ်အုပ်စု၏ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုများအပေါ် နိုင်ငံတကာနှင့် အိမ်နီးချင်း သံတမန် အသိုင်းအဝိုင်းထံ အသိပေးထားသည်။ Post navigation မုတ်သုံမြောင်းတန်းကြောင့် ဒေသအချို့တွင် မိုးဆက်လက် သည်းထန်နိုင်ပြီး ချင်းတွင်း၊ သံလွင်နှင့် ပဲခူးမြစ်ရေများ စိုးရိမ်ရေမှတ်အထက် ဆက်လက် ရှိမည် ကချင်သို့ ထပ်မံ ဆန်တက်ရန်အတွက် စစ်အုပ်စု၏ စစ်သင်္ဘော ၆ စီး အပါအဝင် ထောက်ပို့ ရေယာဉ် ၁၇ စီး မတ္တရာသို့ ရောက်ရှိလာ