PSM (News)

စက်တင်ဘာ ၅၊ ၂၀၂၆

မြန်မာနိုင်ငံ အထက်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် မုတ်သုံမြောင်တန်း အားအသင့်အတင့် ဆက်လက် တည်ရှိနေသဖြင့် ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်၊ နေပြည်တော်နှင့် ပဲခူးတိုင်း အရှေ့ဘက် ခြမ်းတို့တွင် မိုးဆက်လက် သည်းထန်စွာ ရွာသွန်းနိုင်ပြီး တောင်ကျရေလျှံခြင်း၊ ရုတ်တရက် ရေကြီးခြင်း နှင့် မြေပြိုခြင်း အန္တရာယ်များကို အထူးသတိပြုကြရန် လိုအပ်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့မှ တိုးဝင်လာသည့် မုတ်သုံလေကြောင့် မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင်လည်း စက်တင်ဘာ ၆ ရက်အထိ မိုးဆက်လက် ရွာသွန်းနိုင်မည်ဖြစ်သည်။

လာမည့် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အတွင်း ကုန်းတွင်းပိုင်း လေဖိအားနည်းစနစ်များ ကင်းစင်သွား နိုင်သဖြင့် အနောက်တောင်မုတ်သုံလေ အားလျော့သွားနိုင်ကြောင်း မိုးလေဝသပညာရပ်များကို လေ့လာ နေသူ ဦးဝင်းနိုင်က သုံးသပ်ထားသည်။

ယနေ့ စက်တင်ဘာ ၅ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေပြီး မင်းကင်းနှင့် ကလေးဝမြို့တို့တွင်လည်း စိုးရိမ်ရေမှတ်သို့ ဆက်လက် မြင့်တက်လာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန် ချက်များအရ သိရသည်။

ထို့အပြင် သံလွင်မြစ်ရေသည် ဘားအံမြို့တွင်လည်းကောင်း၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် လည်းကောင်း၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင်လည်းကောင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် ရှိနေမည်ဖြစ်ပြီး မြစ်သာမြစ်ရေသည် ကလေးမြို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသော်လည်း လာမည့် ၂၄ နာရီအတွင်း ပြန်လည်ကျဆင်းနိုင်မည်ဖြစ်သည်။

ထို့ကြောင့် မုံရွာ၊ ကလေးဝ၊ မင်းကင်း၊ ဘားအံ၊ မဒေါက်၊ ပဲခူးနှင့် ကလေးမြို့တို့မှ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် လိုအပ်လျက်ရှိသည်။

ပင်လယ်ပြင် အခြေအနေတွင် မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ တစ်နာရီလျှင် မိုင် ၂၅ မိုင်မှ မိုင် ၃၀ အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်အထိ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်၍ ကမ်းနီးကမ်းဝေး ရေလုပ်သားများနှင့် ပင်လယ်ပြင် ခရီးသွားများ သတိပြု သွားလာကြရန် လိုအပ်သည်။

မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူးနှင့် ကူမဲမြို့နယ်တို့တွင်မူ စက်တင်ဘာ ၈ ရက်အထိ မိုးအနည်းငယ်မှ မိုးအသင့် အတင့်သာ ရွာသွန်းနိုင်မည်ဖြစ်သည်။

ဓာတ်ပုံ-မိုး/ဇလ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *