PSM (News)

စက်တင်ဘာ ၅၊ ၂၀၂၆

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု၏ စစ်သင်္ဘော ရေယာဉ် စုစုပေါင်း ၃၁ စီးသည် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ် အနောက်ခြမ်းသို့ ရောက်ရှိလာသဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ပြည်သူများ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ် သတိထားကြရန် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားသည်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အထိ အတည်ပြု ထုတ်ပြန်ချက်များအရ မန္တလေး ဂေါဝန်ဆိပ်ကမ်းမှ ဆန်တက်လာသော စစ်သင်္ဘော ၃၁ စီးအနက် ရှေ့ဆုံး ပထမအစုသည် မတ္တရာမြို့နယ် စုပေါင်းကျွန်းထိပ်သို့ ရောက်ရှိနေပြီး နောက်ဆုံး ၃၁ စီးမြောက် သင်္ဘောမှာ မတ္တရာမြို့နယ် အနောက်တောင်ခြမ်း သဖန်းဒေါင့်ရွာ တောင်ဖျားမှ အထက်သို့ ဆန်တက်လိုက်ပါလာနေကြောင်း သိရသည်။

ယင်းသို့ စစ်ရေယာဉ်တန်းများ ဆန်တက်လာချိန်တွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အထက်ပိုင်းရှိ မြစ်ကမ်းဘေးနေ ပြည်သူများနှင့် ကျွန်းပေါ်တွင်နေထိုင်ကြသူများအနေဖြင့် စစ်အုပ်စု၏ လေကြောင်းတိုက် ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု အန္တရာယ်များကို အထူးသတိရှိကြရန် ပကဖ အဖွဲ့က သတိပေးထားသည်။

“ဧရာဝတီမြစ်အတိုင်း ဆန်တက်တာဆိုတော့ မန္တလေးကနေတစ်ဆင့် အဲ့ဒီတစ်လျှောက် စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ရိက္ခာ၊ စက်သုံးဆီ၊ လက်နက်ခဲယမ်းနဲ့ စစ်ကူအင်အားတွေ ပို့ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ အခုလို ရေယာဉ်တန်းတွေ ဆန်တက်ချိန်မှာ Y-12 ၊ ရဟတ်ယာဉ်တွေ နဲ့ ဗုံးကြဲတာ၊ မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ကြိုတင်ပစ်ခတ် ရှင်းလင်းတာမျိုးလုပ်လေ့ ရှိပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။

ထို့ကြောင့် စစ်ရေယာဉ်တန်း ဖြတ်သန်းရာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မတ္တရာ၊ ဝက်လက်၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များမှ မြစ်ကမ်းဘေး ကျေးရွာများအနေဖြင့် အာဏာလု စစ်အုပ်စု၏ ရမ်းသန်းပစ်ခတ်မှုများအပြင် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် ဘေးလွတ်ရာသို ကြိုတင် ရှောင်တိမ်းရန် စစ်ရေးသတင်းရင်းမြစ်က ဆက်လက် အကြံပြုထားသည်။

ဓာတ်ပုံ- ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *