PSM (News) စက်တင်ဘာ ၄၊ ၂၀၂၆ အဆိုတော် Rဇာနည်နှင့်အတူ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ စုံတွဲဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ဗီဇာအခက်အခဲကြောင့် ပွဲပျက်သွားခဲ့ရသည့်အတွက် အထူးပင် အားနာစိတ်မ ကောင်းဖြစ်ရကြောင်း အဆိုတော် ဖြူဖြူကျော်သိန်းက လူမှုကွန်ရက်မှတစ်ဆင့် ဗီဒီယိုဖိုင်ဖြင့် အသိပေး ပြောကြားခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲကို လာမည့် စက်တင်ဘာလ ၁၂ ရက်တွင် ကျင်းပရန် ကြေညာထားခဲ့သော်လည်း အဆိုတော် ဖြူဖြူကျော်သိန်း၏ ဗီဇာအခက်အခဲကြောင့် အစီအစဉ် ပြောင်းလဲခဲ့ရခြင်း ဖြစ်သည်။ အဆိုတော် ဖြူဖြူကျော်သိန်း သည် မြန်မာနိုင်ငံသား မဟုတ်တော့ဘဲ မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကိုလည်း ကိုင်ဆောင်ထားခြင်း မရှိတော့သော်လည်း ဗီဇာ အခက်အခဲကြောင့်ပင် ပွဲပျက် သွားရသည့် အဓိကအကြောင်းအရင်းဖြစ်ကြောင်း သိရသည်။ ဖြူဖြူကျော်သိန်း၏ မွေးရပ်မြေ (Country of Origin) မှာ မြန်မာနိုင်ငံဖြစ်နေသဖြင့် အမေရိကန်အစိုးရ၏ လက်ရှိ ဥပဒေများအရ ပြင်သစ်နိုင်ငံရှိ အမေရိကန်သံရုံးက ဗီဇာထုတ်မပေးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းအနေဖြင့် အမေရိကန် လူဝင်မှုကြီးကြပ်ရေး (USCIS) ၏ “O-1B” (Special Talent) ဗီဇာ လျှောက်ထားခွင့် အတည်ပြုချက် (Approval) ရရှိထားပြီးဖြစ်သော်လည်း မွေးရပ်မြေမှာ မြန်မာနိုင်ငံ ဖြစ်ခြင်း ကြောင့် ငြင်းပယ်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါပွဲကို ကြည့်ရှုရန် အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်နယ်အသီးသီးမှ ပရိသတ်များအပြင် ဩစတြေး လျနိုင်ငံမှ ပရိသတ်များပါ အလုပ်ခွင့်ရက်ယူခြင်း၊ ဆိုင်များပိတ်ခြင်း၊ လေယာဉ်လက်မှတ်နှင့် ဟိုတယ်များ ကြိုတင်ဘိုကင်ပြုလုပ်ထားကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိသလို ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း ဖြူဖြူကျော်သိန်းက ဆိုသည်။ ဖြူဖြူကျော်သိန်းအနေဖြင့် အမေရိကန်သို့ ကိုယ်တိုင် သွားရောက်ဖျော်ဖြေခွင့် မရတော့သော်လည်း လာမည့် စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပမည့်ပွဲတွင် အွန်လိုင်းမှတစ်ဆင့် နောက်ခံ Screen ပေါ်မှ ပေါ်လာကာ ပရိ သတ်များကို ပါဝင်ဖျော်ဖြေပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ပြောဆိုခဲ့သည်။ ယခုကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ပါဝင်ဖျော်ဖြေနိုင်ရန်အတွက် အဆိုတော် Rဇာနည်၊ Old School Band၊ NYCBC အဖွဲ့သားများ၊ ဇာတ်ရုံနည်းပညာရှင်များနှင့် ပွဲစီစဉ်သူများ အားလုံး ပူးပေါင်းတိုင်ပင်ကာ အကောင်းဆုံး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ Post navigation သင်္ဘောသား ပတ်စပို့-PS ဖြင့် ပြည်ပသို့ အလည်အပတ် ထွက်ခွာခွင့် စက်တင်ဘာ ၁၅ ရက်မှစ၍ ပိတ်ပင် မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စု၏ စစ်သင်္ဘော ၃၁ စီး ဆန်တက်လာ၍ မြစ်ကမ်းဘေးနေ ပြည်သူများ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပြုရန် နှိုးဆော်