PSM(News)

စက်တင်ဘာ ၄ ၊ ၂၀၂၆

အမျိုးသား သဘောင်္သားလူသစ်များနှင့် အမျိုးသမီး သဘောင်္သားများအနေဖြင့် သင်္ဘောသား မြန်မာ နိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ် ထွက်ခွာခွင့်အား လာမည့် စက်တင်ဘာ ၁၅ ရက်နေ့မှစတင်၍ ခွင့်ပြုတော့မည်မဟုတ်ကြောင်း အာဏာလု စစ်အုပ်စုလက်အောက်ရှိ ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှ အသိပေး ကြေညာသည်။

ထို့ကြောင့် ပြည်ပသို့ အလည်အပတ် ထွက်ခွာရန်ရှိပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့တွင် PS အမျိုးအစားမှ အလည်အပတ် ပတ်စပို့ (PV) အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်ပြီးမှသာ ထွက်ခွာနိုင်မည် ဖြစ်သည်။

ယခုကဲ့သို့ ကန့်သတ်ရခြင်းမှာ PS ပတ်စပို့ဖြင့် ထွက်ခွာပြီး ပြည်ပကုမ္ပဏီများနှင့် တိုက်ရိုက် စာချုပ် ချုပ်ဆိုထားခြင်း မရှိဘဲ တရားဝင် SRPS လိုင်စင်မရှိသည့် ကုမ္ပဏီများနှင့် ကြားခံပွဲစားများမှတစ်ဆင့် တရားမဝင် စေလွှတ်မှုများကြောင့် သင်္ဘောသားများ ဆိုးကျိုးနှင့် နစ်နာမှုများ ဖြစ်ပေါ်နေခြင်းကြောင့်ဟု စစ်အုပ်စုက ဆိုထားသည်။

အထူးသဖြင့် သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်း မရှိဘဲ ပင်လယ်ကွေ့နိုင်ငံအချို့ရှိ လုပ်ငန်းခွင် များသို့ ရောက်ရှိသွားခြင်း၊ ဌာနမှ ခွင့်ပြုထားခြင်းမရှိသည့် ငါးဖမ်းသင်္ဘောများပေါ်သို့ စုဆောင်းစေလွှတ် ခံရခြင်း၊ ပြည်ပကုမ္ပဏီများနှင့် ခိုင်မာသော စာချုပ်မရှိသဖြင့် ရသင့်ရထိုက်သော လစာနှုန်းထားများ မရရှိဘဲ လစာများ ဆုံးရှုံးရခြင်းနှင့် တရားမဝင် မှောင်ခိုပစ္စည်း တင်ဆောင်သည့် သင်္ဘောများပေါ် ရောက်ရှိကာ ပြည်ပတွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းတို့ကြောင့် ဖြစ်သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အာမခံမရှိသော သင်္ဘောများပေါ်တွင် လုပ်ကိုင်ရသဖြင့် ထိခိုက်မှုနှင့် အသက်အာမခံ လျှော်ကြေး များ မရရှိခြင်း၊ သတ်မှတ်ချက်အတိုင်း ခံစားခွင့် မရခြင်း၊ ထွက်ခွာသည့် သင်္ဘောနှင့် တာဝန်ထမ်း ဆောင်သည့် သင်္ဘော မတူညီသဖြင့် ပင်လယ်ပြင် လုပ်သက်နှင့် သင်တန်းတက်ရောက်ခွင့် မရရှိခြင်း၊ CDC (SIRB) တွင် ရာထူးနှင့် လုပ်သက်များ လိမ်လည်ဖြည့်စွက်ခြင်းများ ရှိနေပြီး Social Media များမှတစ်ဆင့် တရားမဝင် စုဆောင်းခေါ်ယူမှုများ ပြားလာသောကြောင့် ဟု ဆိုထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *