PSM (News) စက်တင်ဘာ ၄၊ ၂၀၂၆ လာမည့် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အောက်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု ပုံမှန်ထက် ပိုမိုများပြားနိုင်သော်လည်း စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အတွင်း၌ မိုးရွာသွန်းနိုင်ခြေ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိလျော့ကျသွားမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထု အုပ်ချုပ်ရေးအဖွဲ့ (NOAA) ၏ မိုးလေဝသ ခန့်မှန်းရေးစင်တာ (CPC) က ထုတ်ပြန်ထားသည့် GTH Outlook မြေပုံများအရ သိရသည်။ ထိုင်းမိုးလေဝသဌာန၏ မြေပုံများအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းစနစ်မှ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လေဖိအား နည်းဆဲလ်သို့ ဖြတ်သန်းနေသော မုတ်သုံမြောင်းတန်းသည် မြန်မာနိုင်ငံအပေါ် ဖြတ်ကျော်လျက်ရှိသည်။ ထို့ကြောင့် အနောက်တောင်မုတ်သုံလေ အားလျော့နေသော်လည်း အဆိုပါ မုတ်သုံမြောင်းတန်း အရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးဆက်လက် အားကောင်းမည် ဖြစ်ကာ ရခိုင်၊ မြန်မာနိုင်ငံ အောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်လည်း စိုစွတ်သည့် မိုးတိမ်များ စိမ့်ဝင်နေ၍ ပုံမှန်မုတ်သုံမိုး ရွာသွန်းနေမည် ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်အတွင်း စက်တင်ဘာ ၉ ရက်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဖြစ်သော်လည်း ယင်းအရှိန်ကြောင့် အနောက်တောင်မုတ် သုံလေ ပြန်လည်အားကောင်းလာကာ မြန်မာနိုင်ငံ အနောက်ဘက်နှင့် မြစ်ဝကျွန်းပေါ် ဒေသများ၌ မိုးကောင်းပြီး ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းလေ ပြင်းထန်လာ နိုင် ကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က သုံးသပ်ထားသည်။ ယနေ့ စက်တင်ဘာ ၄ ရက်နေ့ မိုးလေဝသ အခြေအနေအရ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် တို့အပြင် ကရင်နီ၊ ရှမ်း၊ ပဲခူးအရှေ့ခြမ်းနှင့် တောင်ပိုင်း၊ မွန်၊ ကရင်တို့တွင် နေရာအနှံ့အပြား မိုးအသင့် အတင့်မှ မိုးများနိုင်သည်။ ကချင်၊ ချင်း၊ ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီတို့တွင်လည်း မိုးအနည်းငယ်မှ နေရာကွက် မိုးသည်းထန် နိုင်ကာ မကွေးနှင့် ပဲခူးအနောက်ခြမ်းတို့တွင် နေရာကွက် မိုးကြီးနိုင်သည်။ လာမည့် နှစ်ရက်အတွင်း ပဲခူး၊ ရန်ကုန်၊ မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် မိုးပိုလာနိုင်ပြီး နေရာအနှံ့အပြား မိုးများနိုင်ကြောင်း မိုးဇလ က ခန့်မှန်းထားသည်။ မြစ်ရေအခြေအနေတွင် မြစ်သာမြစ်ရေသည် ကလေးမြို့တွင် လည်းကောင်း၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် လည်းကောင်း၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် လည်းကောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် လည်းကောင်း စိုးရိမ်ရေအမှတ် အထက်၌ ရောက်ရှိနေသည်။ ထို့ပြင် ချင်းတွင်းမြစ်ရေသည် မင်းကင်းနှင့် မုံရွာမြို့တို့တွင် စိုးရိမ်ရေအမှတ်အနီး ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာမည်ဖြစ်ရာ ယင်းမြို့များရှိ အနိမ့်ပိုင်းနှင့် မြစ်ကမ်းအနီး နေထိုင်သူများ ရေဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားရန် လိုအပ်သည်။ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမှ ကသာအထိ ကျဆင်းနေသော်လည်း ကျန်မြစ်ကြောင်းတစ်လျှောက် တက်နေပြီး မကွေးမြို့တွင် စိုးရိမ်ရေအမှတ်အောက် ၁၂ ပေခန့်၌ ရှိကာ နောက်ထပ် ၁ ပေခန့် မြင့်တက် လာနိုင်ကြောင်း မိုးဇလ၏ သတိပေးချက်များအရ သိရသည်။ မြန်မာ့ပင်လယ်ပြင်တွင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ တစ်နာရီ မိုင် ၃၀ အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိ လှိုင်းကြီးနိုင်သဖြင့် ပင်လယ် ပြင် ခရီးသွားများနှင့် ရေလုပ်သားများ သွားလာခြင်း မပြုကြရန် သတိပေးထားသည်။ Post navigation အာဏာလု စစ်အုပ်စုက ဗန်းမော်တွင် စစ်နိုင်နေပြီဟုလိမ်လည်ပြီး မန္တလေးတွင် စစ်ရှောင်နေသည့် တပ်မိသား စုများကို ရောပို့ခဲ့ခြင်းဖြစ် သင်္ဘောသား ပတ်စပို့-PS ဖြင့် ပြည်ပသို့ အလည်အပတ် ထွက်ခွာခွင့် စက်တင်ဘာ ၁၅ ရက်မှစ၍ ပိတ်ပင်