PSM(News) စက်တင်ဘာ ၄၊ ၂၀၂၆ အာဏာလု စစ်အုပ်စုသည် မြို့တွင်းတိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ စစ်နိုင်နေပြီဟု လိမ်လည်ပြောဆို၍ မန္တလေးတွင် စစ်ဘေးရှောင်နေသည့် တပ်မိသားစုဝင်များကို ဗန်းမော်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်နေသည့် CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က PSM (News) ကိုပြောသည်။ ရွှေကူမြို့နှင့် ဗန်းမော်မြို့ကြားရှိ စင်းခန်းတံတားအနီးတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့က ကချင်လွတ် လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များ၏ ဖြတ်တောက် တိုက်ခိုက်မှုကြောင့် အလံဖြူထောင်ကာ လက်နက်ချခဲ့ရသော စစ်အုပ်စု၏ ထောက်ပို့သင်္ဘော နှစ် စီးပေါ်တွင် တပ်မိသားစုဝင် အမျိုးသမီးများနှင့် ကလေးငယ်များ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တပ်မိသားစုဝင်များသည် ဗန်းမော်မြို့အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) မှ ဖြစ်ကြပြီး ၂၀၂၄ ခုနှစ်အတွင်း KIA ပူးပေါင်းတပ်များ၏ ထိုးစစ်ကြောင့် မန္တလေးတပ်နယ်သို့ တိမ်းရှောင်နေခဲ့ရရာမှ ယခုအခါ ရှေ့တန်းသို့ ပြန်လည် ပို့ဆောင်ခံရခြင်း ဖြစ်သည်။ “အဲဒီအဖွဲ့တွေက မန္တလေးတပ်နယ်ထဲမှာ ခိုလှုံနေတာ။ အဲဒီအဖွဲ့တွေကို ပြန်ထည့်ပေးလိုက်တာ ဖြစ်တယ်။ ဘာလို့ ထည့်ပေးလိုက်တာလဲ ဆိုတော့ ဗန်းမော်မှာ အေးဆေးသွားပြီ၊ ဗန်းမော်မှာ သူတို့စစ်နိုင်နေပြီ၊ တပ်တည် ဆောက်ရေး လုပ်ငန်းတွေ လုပ်ကြမယ်ဆိုပြီးတော့ မိသားစုတွေကိုပါ ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။ စင်းခန်းတံတားအနီး သင်္ဘောနှစ်စီးပေါ်မှ အလံဖြူထောင်၍ လက်နက်ချခဲ့သော စစ်တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင် ၁၀၀ ကျော် (အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၉ ဦးနှင့် ကလေး ၇ ဦး) ကို KIA က စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ ဘေးကင်းရာ သင့်တော်သည့်နေရာသို့ ပို့ဆောင်ထိန်းသိမ်းပေးထားကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များက လမ်းတစ်လျှောက် ဖြတ်တောက် တိုက်ခိုက်မည်ကို သိရှိပါလျက်နှင့် တပ်မိသားစုဝင် ကလေးငယ်များနှင့် အမျိုးသမီးများကို ထောက်ပို့သင်္ဘောများပေါ်သို့ လူသားဒိုင်းအဖြစ် တင်ဆောင်ကာ ဗန်းမော်သို့ ပို့ဆောင်ခဲ့သည့် စစ်ဗိုလ်ချုပ်များ၏ လုပ်ရပ်သည် စစ်တပ်ထောက်ခံသူများ ကြားတွင်ပင် ပြင်းထန်စွာ ဝေဖန်စရာ ဖြစ်ခဲ့ရသည်။ “သူတို့ကို ဘာလို့ ထည့်ပေးလိုက်လဲဆိုတော့ စကခ-၂၁ ကောင်တွေကလည်း မိသားစုမရှိတော့ စိတ်ဓာတ်ကျနေတာပေါ့။ ဒါကြောင့် ဟိုဘက်ကလည်း တောင်းဆိုလို့ ထည့်ပေးလိုက်တာ။ စစ်ဗိုလ်ချုပ်တွေကတော့ သူတို့အမျိုး တစ်ယောက်မှ မပါဘူးလေ။ ဟိုကလည်း ခေါ်တယ်၊ ဒီကလည်း လိုက်ချင်တယ်ဆိုပြီး ထည့်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။ အဆိုပါ အလံဖြူထောင်ခဲ့သည့် သင်္ဘောများပေါ်တွင် တပ်မိသားစုများအပြင် Non-CDM ဝန်ထမ်းများပါ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး ယင်းအခြေအနေများနှင့် ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ PSM က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။ အာဏာလု စစ်အုပ်စုသည် ဩဂုတ် ၂၁ ရက်တွင် မန္တလေးမြို့မှ တိုက်ခိုက်ရေးသင်္ဘော နှစ် စီး၊ ကမ်းထိုးသင်္ဘော လေး စီးနှင့် တွဲတွန်းသင်္ဘော ရှစ် စီး အပါအဝင် စုစုပေါင်း ရေယာဉ် ၁၄ စီးဖြင့် ဗန်းမော်မြို့သို့ စစ်ကူနှင့် ရိက္ခာပို့ရန် ဆန်တက်လာခဲ့ခြင်းဖြစ်ပြီး ရေယာဉ် ခုနစ် စီးမှာ ယမန်နေ့ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက ဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation စစ်အုပ်စု၏ စစ်ရေယာဉ်အချို့ နိဂုံးချုပ်ကာ တပ်ဖွဲ့ဝင်များ လက်နက်ချခဲ့ရပြီးနောက် ရိက္ခာတင် စစ်သင်္ဘော ၇ စီး ဗန်းမော်သို့ ရောက်ရှိ စက်တင်ဘာလလယ်အထိ မိုးဆက်များမည်ဖြစ်ပြီး မြို့အချို့တွင် စိုးရိမ်ရေအမှတ်ကျော်လွန်ကာ ပင်လယ်ပြင် လှိုင်းကြီးနိုင်