PSM (News) စက်တင်ဘာ ၄၊၂၀၂၆ ယူကရိန်းနိုင်ငံရေးပဋိပက္ခကို အဆုံးသတ်စေမည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိလာနိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၃ ရက် တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပပြုလုပ်နေသည့် အရှေ့ပိုင်း စီးပွားရေးဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးတွင် ရုရှားသမ္မတက အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံအများအပြားက ငြိမ်းချမ်းရေးအဖြေရှာမှုကို ထောက်ပံ့ပေးရန် အသင့်ရှိနေကြကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း အဓိကပြဿနာကို ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်နေသည့် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံကသာ အဖြေရှာရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အလားတူပင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာကလည်း ကိယက်ဘ်မြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်အတွင်း ကမ္ဘာ့နိုင်ငံများစွာ၏ နိုင်ငံရေးနှင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများ ပြန်လည်အသက်ဝင်လာခြင်းနှင့်အတူ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများတွင် “ဒိုင်းနမစ်အသစ်” တစ်ရပ်ကို တွေ့မြင်လာရလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လေးနှစ်ခွဲကျော်ကြာ မြင့်တက်လာခဲ့သည့် ဥရောပ၏ အသေအပျောက်အများဆုံး ပဋိပက္ခတွင် နှစ်ဖက်စလုံးက ငြိမ်းချမ်းရေး အလားအလာနှင့် ပတ်သက်၍ အကောင်းမြင်သည့် သုံးသပ်ချက်များကို ထုတ်ဖော်ပြသလေ့ အလွန်နည်းပါးခဲ့ရာမှ ယခုကဲ့သို့ နှစ်ဖက်စလုံးက သုံးသပ်ချက်အသီးသီး ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် တိကျသေချာသော တိုးတက်မှုအကြောင်းရင်းများကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကမူ ယူကရိန်းဘက်မှ အရပ်ဘက် ကုန်သွယ်ရေးသင်္ဘောများနှင့် လေကြောင်းဆိုင်ရာ တိုက်ခိုက်မှု ခြိမ်းခြောက်မှုများကို လုပ်ဆောင်နေခြင်းသည် နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပိုမိုရှုပ်ထွေးစေသည့် အတားအဆီးတစ်ရပ် ဖြစ်စေကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ လက်ရှိတွင် နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများကို အဓိကအားဖြင့် ထောက်လှမ်းရေး လမ်းကြောင်းများမှတစ်ဆင့် ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း အတည်ပြုခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် ပတ်သက်၍ ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာကလည်း အိန္ဒိယနိုင်ငံအနေဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို အကူအညီပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီကလည်း လူသားချင်းစာနာထောက်ထားမှုအတွက် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် လိုအပ်ကြောင်းနှင့် တိုက်ပွဲများကို ရပ်တန့်ရန် ကြိုးပမ်းမှုမှန်သမျှကို အိန္ဒိယနိုင်ငံအနေဖြင့် အစွမ်းကုန် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံ သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။ ကိုးကား -NTV Kenya Post navigation ကနေရီကျွန်းစုအနီး ရက်ပေါင်း (၂၆)ရက်ကြာမျောပါခဲ့သည့်လှေပေါ်တွင် လူ (၈၀) ဦးခန့် သေဆုံးဖွယ်ရှိ နီပေါနိုင်ငံတွင် ရေဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် နေအိမ် ၂၀,၀၀၀ ခန့်ကို ပြန်လည်တည်ဆောက်မည်