PSM(News) ဩဂုတ် ၃၁၊ ၂၀၂၆ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ပူးတွဲတည်ထောင်သူနှင့် တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးဘိုကြည်သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation မှ ပေးအပ်သည့် ၂၀၂၆ ခုနှစ်အတွက် ရေမွန်မက်ဆေးဆေးဆု (Ramon Magsaysay Award) ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။ ယနေ့ ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်သည့် ၂၀၂၆ ခုနှစ်အတွက် ရေမွန်မက်ဆေးဆေးဆုရှင်များစာရင်း၌ ဦးဘိုကြည်နှင့်အတူ စင်ကာပူနိုင်ငံမှ Tommy Koh နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Runa Khan တို့လည်း ပူးတွဲရွေးချယ်ခံခဲ့ရသည်။ ဦးဘိုကြည်သည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ ရပိုင်ခွင့်၊ လွတ်မြောက်ရေး၊ ထောင်တွင်း ဖိနှိပ်ခံရမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို နှစ်ပေါင်းများစွာ မဆုတ်မနစ် မှတ်တမ်းတင် ကူညီဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဂုဏ်ပြုဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။ AAPP အဖွဲ့ကို ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ကာလအပါအဝင် ခေတ်အဆက်ဆက် ဖမ်းဆီးထိန်းသိမ်းခံရသူများ၊ ကျဆုံးခဲ့ရသူများ၏ စာရင်းနှင့် ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခိုင်လုံစွာ မှတ်တမ်းတင်လျက်ရှိသည်။ အကျဉ်းသားများနှင့် မိသားစုများအတွက် ဆေးဝါးနှင့် လူမှုစီးပွား ထောက်ပံ့မှုများအပြင် လွတ်မြောက်လာသူများ၏ စိတ်ဒဏ်ရာ ပြန်လည်ကုစားရေး လုပ်ငန်းများကိုပါ အဓိက ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရေမွန်မက်ဆေးဆေးဆုသည် အာရှဒေသအတွင်း ပြည်သူ့ဝန်ဆောင်မှု၊ လူထုခေါင်းဆောင်မှု၊ သတင်းမီဒီယာ၊ စာပေနှင့် အနုပညာ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ဖော်ဆောင်မှု စသည့် ကဏ္ဍအသီးသီးတွင် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုပေးအပ်ခြင်းဖြစ်ပြီး အာရှ၏ နိုဘယ်ဆုဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ယခင်ကလည်း မြန်မာနိုင်ငံမှ ထင်ရှားသည့် ပုဂ္ဂိုလ်များဖြစ်ကြသည့်ဒေါက်တာစင်သီယာမောင် (မယ်တော်ဆေးခန်း တည်ထောင်သူ) က ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊ ဦးကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန် တည်ထောင်သူ)က ၂၀၁၅ ခုနှစ်တွင်းလည်းကောင်း၊ ဦးဆွေဝင်း (Myanmar Now သတင်းဌာန အယ်ဒီတာချုပ်) က ၂၀၁၉ ခုနှစ်တွင်လည်းကောင်း အဆိုပါ ဂုဏ်ထူးဆောင် မက်ဆေးဆေးဆုကို ဆုဆတ်ခူးရရှိခဲ့ဖူးသည်။ Post navigation မင်းတုန်းတွင် တပ်ပြေး ၅ ဦးကိုတော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိ တောင်သာ ဝဲလောင်ရွာ၌ အထိုင်ချထားသည့် စစ်အုပ်စုစစ်ကြောင်း တိုက်ခိုက်ံရပြီး တပ်ဖွဲ့ဝင် ၇ ဦးသေဆုံး