PSM(News)

မတ် ၃၁၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း ၁၅ နှစ်တိုင် ရယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို လူယုံတော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံသို့ လွှဲပြောင်းပေးအပ် ခဲ့ခြင်းအပေါ် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (NDAA – မိုင်းလား) တို့က ဂုဏ်ပြုသဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြသည်။

မတ်လ ၃၀ ရက်နေ့စွဲဖြင့် ပေးပို့သည့် UWSA ၏ ထုတ်ပြန်ချက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးလွှဲပြောင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း ဖော်ပြထားသည်။

ရာထူးမှ အနားယူတော့မည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ အရေးကြီးသော တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံသို့ လေးနက်စွာ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ဦးဆောင်မှုအောက်တွင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့များသည် ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းကာ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်းနှင့် နိုင်ငံ၏ ရေရှည်တည်ငြိမ်မှု၊ ကြွယ်ဝချမ်းသာမှုများကို ကာကွယ်စောင့်ရှောက်သွားနိုင်ရန် မျှော်လင့်ကြောင်း “ဝ” ပြည်နယ် ပြည်သူ့အစိုးရနှင့် UWSA တပ်မတော်တို့က ဆုမွန်ကောင်းတောင်းထားသည်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) NDAA (မိုင်းလား) အဖွဲ့ကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ပေးအပ်ခံရသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ပေးအပ်ခံရသူ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ထံသို့ မတ်လ ၃၀ ရက်နေ့စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာတွင် ဗိုလ်ချုပ်ကြီး နှစ်ဦးအား အဆင့်မြင့်ရာထူးများ တာဝန်ပေးအပ်ခြင်း ခံရသည့် အတွက် အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီနှင့် ဒေသခံတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း လေးစားစွာ ဖော်ပြထားသည်။

ယခုကဲ့သို့ စစ်ခေါင်းဆောင်သစ်များအား နယ်စပ်အခြေစိုက် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သဝဏ်လွှာပေးပို့ ဂုဏ်ပြုခြင်းသည် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားသစ်နှင့် ၎င်းတို့ကြားရှိ ဆက်ဆံရေးလမ်းကြောင်းကို ပြသလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခပ်များက ဆိုသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *