PSM (News)

မတ် ၃၁ ၊ ၂၀၂၆

နွေဦးတော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ရန်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် “K3C” မဟာမိတ်အဖွဲ့များဖြစ်ကြသော KIO၊ KNU၊ KNPP နှင့် CNF တို့ ပူးပေါင်းကာ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” (SCEF) ကို မတ်လ ၃၀ ရက် ညပိုင်းက တရားဝင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ယခုဖွဲ့စည်းလိုက်သည့် SCEF သည် လက်ရှိတော်လှန်ရေးအခြေအနေကို တစ်ဆင့်တက်လှမ်းကာ အသွင် ကူးပြောင်းမှုကာလ အစီအမံများကို အတည်ပြုရန်၊ အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် စစ်ရေး၊ နိုင်ငံရေးနှင့် ဖက်ဒရယ်ရေးရာကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

#SCEF၏ဖွဲ့စည်းပုံနှင့်ရည်မှန်းချက်များ

SCEF ကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နှင့် အမျိုးသမီး ကိုယ်စားလှယ်များမဏ္ဍိုင်တို့ဖြင့် အခြေခံဖွဲ့စည်းထားသည်။ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖယ်ရှားရန်မှာ ၎င်းတို့၏ အဓိကမဟာဗျူဟာမြောက် ရည်မှန်းချက်ဖြစ်သည်။

SCEF အနေဖြင့် ခိုင်မာသော နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ချမှတ်ထားjyD; အဆိုပါ ရည်မှန်းချက်များမှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှား၍ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမှုကို အပြီးတိုင် အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် အပြည့် အဝထားရှိရန်၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်၊ သက်ဆိုင်သူ အားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်အခြေခံသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုသစ် တည်ဆောက်ရန်နှင့်ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုနှင့် အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် တို့ဖြစ်သည်။

#စုပေါင်းခေါင်းဆောင်မှုနှင့်အနာဂတ်လုပ်ငန်းစဉ်

လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များရှိ ပြည်သူ လူထုက ပိုင်ဆိုင်ပြီး “မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ” မူကို ကိုင်စွဲသွားမည်ဖြစ်ပြီး နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း EROs၊ တော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးအစု အဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ သဘောထားများ ထင်ဟပ်ပါဝင်သည့် “စုပေါင်းခေါင်း ဆောင်မှု”*ဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

SCEF ဖွဲ့စည်းခြင်း အခမ်းအနားသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်၊ KIC ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်၊ KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ KNPP / IEC ဥက္ကဋ္ဌ ခူဦးရယ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး SCEF အဖွဲ့ဝင် ခေါင်းဆောင်များက ရှေ့ဆက်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *