မောင်မောင်ကဲ/PSM(News)

မတ် ၃၁ ၊ ၂၀၂၆

စစ်အုပ်စုက ခင်းကျင်းထားသည့် လွှတ်တော်အတုမှနေ၍ ဒုတိယသမ္မတ သုံး ဦးစလုံးကို ယနေ့ မတ်လ ၃၁ ရက် တွင် အပြီးသတ် ရွေးချယ်အတည်ပြုလိုက်ပြီ ဖြစ်သည်။

ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် လွှတ်တော်အတုအစုအဖွဲ့များ၏ အစည်းအဝေးများအရ ပြည်သူ့ လွှတ်တော်အစုအဖွဲ့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားလွှတ်တော်အစုအဖွဲ့မှ ဒေါ်နန်းနီနီအေးတို့ကို ဒုတိယသမ္မတများအဖြစ် အသီးသီး ရွေးချယ်ခဲ့ကြသည်။

ထို့ပြင် စစ်တပ် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကလည်း ၎င်းတို့၏ ကိုယ်စားလှယ်အဖြစ် ဦးညို စောအား နိုင်ငံတော် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည့်အတွက် စစ်အုပ်စု၏ အတုအယောင် အုပ်ချုပ်ရေးအတွက် ဒုတိယသမ္မတ သုံး ဦး ပေါ်ထွက်လာပြီ ဖြစ်သည်။

စစ်တပ်က ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့သူ ၀န်ကြီးချုပ်အဖြစ် အမည်ခံထားသည့် ဦးညိုစောသည် လက်ရှိစစ်ကော်မရှင်တွင် အရေးပါသူဖြစ်သလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယုံကြည် အားကိုးရသော တပည့်ရင်းတစ်ဦးလည်း ဖြစ်သည်။

၎င်းသည် စစ်ကောင်စီ၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် စစ်ခေါင်းဆောင်၏ လူယုံတော် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယခုအခါ ဇာတ်ညွှန်းအတိုင်း ဒုသမ္မတနေရာကို ရရှိလာခြင်း ဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်ထိ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းသည် မည်သည့် နေရာတွင်မှ ရွေးချယ်ခံထားရခြင်း မရှိသေး၍ စစ်အုပ်စု၏အနာဂတ်အုပ်ချုပ်ရေးယန္တရားတွင် ၎င်း၏ အခန်းကဏ္ဍမှာ မရေမရာ ရှိနေသည်။

ယခုအခါတွင် ဒုတိယသမ္မတ သုံး ဦးအနက်မှ စစ်ဖိနပ်စီး အရပ်သားအစိုးရကို ဖွဲ့စည်းရန်အတွက် နိုင်ငံတော်သမ္မတ တစ်ဦးကို ရွေးတုပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် အတည်ပြုသွားမည် ဖြစ်သည်။

By Htet Ko