မောင်မောင်ကဲ/PSM(News) မတ် ၃၀၊ ၂၀၂၆ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၅ နှစ်တိုင် ဆုပ်ကိုင်ထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) ရာထူးကို ၎င်း၏လူယုံတော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံသို့ ယနေ့မတ် ၃၀ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့သည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးသည် စစ်တက္ကသိုလ် (DSA) ဆင်းမဟုတ်ဘဲ ဗိုလ်သင်တန်း ကျောင်း (OTS) အမှတ်စဉ် (၇၇) ဆင်း တစ်ဦးဖြစ်သည်။ စစ်ခေါင်ဆောင် မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စစ်တပ်ပိုင် ဇေယျာသီရိ ဗိမာန်တွင် ကျင်းပသည့် ရာထူးတာဝန် လွှဲပြောင်းခြင်း အခမ်းအနား၌ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ တိုးမြှင့်ကာ တပ်ချုပ်အဆောင် အယောင်ဖြစ်သော ရွှေဓားနှင့် အလံတို့ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ တပ်ချုပ်သစ်ဖြစ်လာသူ ရဲဝင်းဦးသည် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖချုပ်) အဖြစ် တာဝန် ယူခဲ့သူဖြစ်ပြီး လက်ရှိစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ ခမည်းခမက်လည်း ဖြစ်သည်။ စစ်ခေါင်ဆောင်က တပ်ချုပ်ရဲဝင်းဦး နှင့်အတူ အခြားလူယုံတော်များကိုလည်း ရာထူးတိုးမြှင့်ခဲ့ရာ ဒုတိယတပ်ချုပ်အဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ညှိ/ကွပ်) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း စစ်တက္ကသိုလ် (DSA) အပတ်စဉ် (၃၅) ကို ခန့်အပ်သည်။ ထို့အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ညှိ/ကွပ်): ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ နေရာတွင် စစ်တက္ကသိုလ် (DSA) အပတ်စဉ် (၃၈) ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ကို အစားထိုး ခန့်အပ်ခဲ့သည်။ တပ်ချုပ်ရာထူးမှ အနားယူသွားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၎င်း စိတ်ကြိုက်ခင်းကျင်း ထားသည့် အတုအယောင်ရွေးကောက်ပွဲနှင့် လွှတ်တော်လုပ်ငန်းစဉ်များမှတစ်ဆင့် နိုင်ငံတော်သမ္မတ ဖြစ်လာရန်အတွက် ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းထားပြီး ဖြစ်သည်။ ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်မပြုသည့် ယခုရာထူးအပြောင်း အလဲများသည် စစ်ခေါင်းဆောင်က ၎င်း၏ အာဏာတည်မြဲရေးအတွက် စစ်ဘက်ထိပ်ပိုင်းတွင် လူယုံတော်များကို နေရာချထားကာ နိုင်ငံရေးအရ ဆက်လက်ကြီးစိုးရန် ပြင်ဆင်ခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်လျက်ရှိသည်။ ဓာတ်ပုံ-စစ်ကော်မရှင် Post navigation မင်းပြားတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းမိသားစုဝင် ၁၅၀ ကျော်ကို AA က တတိယ အကြိမ်အဖြစ် ပြန်လည်လွှတ်ပေး လွှတ်တော်အတုမှ ဒုသမ္မတ ၃ ဦးအဖြစ် မင်းအောင်လှိုင်၊ နန်းနီနီအေးနှင့် ညိုစောတို့ကို အတည်ပြု