PSM(News)

ဩဂုတ် ၃၀၊ ၂၀၂၆

တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း နယ် မြေလုံခြုံရေး အကြောင်းပြ၍ စစ်ကြောင်းထိုးလာသည့် အာဏာလု စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က ယမန်နေ့ ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။

DNLA နှင့် မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ယမန်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က အာဏာလု စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ အများအပြား ဒဏ်ရာရရှိခဲ့သည့်အပြင် MA1 ၆ လက်၊ MA3 ၂ လက်၊ ကျည်ဘောက် ၁၁ ခုနှင့် ကျည်ဆန် ၂၀ဝ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း အပါအဝင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ကျားသစ်နက်တပ်ဖွဲ့၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု (DEF)၊ ကိုမြတ်သူအဖွဲ့နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲအရှိန် မြှင့်တင်ဆောင်ရွက်နေသည့်အတွက် အာဏာသိမ်း စစ်အုပ်စုဝင်များ၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း DNLA က တိုက်တွန်းထားသည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရေးအရှိန် မြှင့်တင်နေသည့် ကာလဖြစ်၍ ပြည်သူများအနေဖြင့် စစ်ရေးအထူးသတိဖြင့် သွားလာနေထိုင်ကြရန်နှင့် အာဏာလု စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များအတွက် လေကြောင်းရန် ကာကွယ်ရေး သတင်းအချက်အလက်များကို အထူးဂရုပြု လိုက်နာကြပါရန် DNLA သတင်းနှင့် ပြန်ကြားရေးဌာနက အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-DNLA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *