PSM (News)

ဩဂုတ် ၃၀၊ ၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဆန်တက်လာသည့် အာဏာလု စစ်တပ်၏ ထောက်ပို့သင်္ဘော တစ်စင်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ သင်္ဘော မီးလောင်ပျက်စီးပြီး တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့သည့်အပြင် စစ်ကူလာသည့် တပ်မ (၉၉) စစ်ကြောင်းမှူး ဗိုလ်မှူးလည်း တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ထောက်ပို့သင်္ဘော သုံးစင်းကို ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းအနီး မြစ်ရေတိုင်းတာ ရေးအမှတ်နေရာ နောင်မိုရွာကမ်းပါးရှိ ဒေသန္တရအခေါ် ကြက်တူရွေးနှုတ်သီးနှင့် သင်္ဘောအင်းရွာကြား၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သင်္ဘောအင်းနဲ့ ကြက်တူရွေးနှုတ်သီးကြား အရှေ့ဘက်ကမ်းမှာ တစ်စီး မီးလောင်ပျက်စီးတယ်။ ၁၆ ဦး သေတယ်။ နှစ်စီး က လူနာတင်ပြီး ရွှေကူကို ပြန်ဆင်းတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။

ထို့အပြင် ရွှေကူမြို့သို့ ရောက်ရှိနေသည့် ထောက်ပို့သင်္ဘောအုပ်စုတွင် လိုက်ပါလာသော တပ်မ (၉၉) မှ တပ်ဖွဲ့များသည် ရွှေကူ-ဗန်းမော်ကြားရှိ ဇင်ဘုံရွာသို့ စစ်ကူလာစဉ် စစ်ကြောင်းမှူး ဗိုလ်မှူးမှာ ဇင်ဘုံရွာ ဘုန်းကြီး ကျောင်းတိုက်ပွဲ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Mi-35 နဲ့ လာသယ်ထုတ်သွားတယ်။ ဗိုလ်မှူးတောင် သေမှတော့ စစ်ကြောင်းလည်း ကစဥ့်ကလျား ပုံစံပျက် အထိနာနေတာပေါ့” ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောသည်။

စစ်အုပ်စုသည် ထောက်ပို့သင်္ဘောအုပ်စု ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာချိန်မှစ၍ ရွှေကူမြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ထိုသို့ တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် နိုင်ငံပေါင်း ၁၂၀ ကျော်က အသုံးပြုခွင့် ပိတ်ပင်ထားသည့် ဆင့်ပွားပေါက်ကွဲစေသည့် ကလပ်စတာဗုံး များကိုပါ အသုံးပြုနေကြောင်း ကချင်ပြည်နယ်ရှိ စစ်ရေးသတင်းရင်းမြစ်များက ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထုတ်ဖော်ပြောဆိုကြသည်။

လက်ရှိတွင်လည်း စစ်ကြောင်းမှူး ကျဆုံးပြီး အထိနာနေသော စစ်အုပ်စုသည် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာနိုင်သည့်အတွက် ရွှေကူနှင့် ဗန်းမော်ကြားရှိ ဧရာဝတီမြစ်ကမ်း ဘေးကျေးရွာများမှ ပြည်သူများအနေဖြင့် ကြိုတင်ရှောင်ရှားကြရန် ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက အသိပေးထားသည်။

ပုံစာ-စစ်တပ်က အသုံးပြုသည့် ကလပ်စတာ ဗုံးများ၊ စစ်ရေယာဉ်များ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *