PSM(News) ဩဂုတ် ၃၀ ၊ ၂၀၆ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် ပြီးခဲ့သည့် ဇွန်လမှ ဩဂုတ်လအထိ ၃ လတာကာလအတွင်း အာဏာလု စစ်တပ်နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF)၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုတပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း MB PDF က ထုတ်ပြန်ထားသည်။ မိုးဗြဲမြို့အခြေစိုက် အာဏာလု စစ်တပ်၏ ခမရ -၄၂၂ ကာကင်းမှ ထွက်ခွာလာသည့် စစ်ကြောင်း၏ ထိုးစစ်ဆင်မှုများကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ပြန်လည်တိုက်ခိုက်မှုများကြောင့် စစ်အုပ်စုတပ်ဘက်မှ အထိနာခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်တွင် မိုးဗြဲမြို့အနီးရှိ စစ်အုပ်စု ကာကင်းစခန်းတစ်ခုကို MB PDF နှင့် မဟာမိတ်များက ဝင်ရောက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုတပ်မှ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရုပ်အလောင်း တစ် လောင်း၊ အရှင် တစ် ဦးနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။ အထိနာသွားသည့် စစ်တပ်သည် ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် လွယ်ယင်းတောင်ခြေအနီးသို့ ထိုးစစ် ဆင်ရန် ထပ်မံရောက်ရှိလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကာ ရုပ်အလောင်း နှစ် လောင်း မျက်မြင်တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ဩဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ပြီး ထပ်မံ စစ်ကြောင်း ထိုးလာ၍ ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ MB PDF နှင့် မဟာမိတ်များက ဒရုန်းဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် စစ်အုပ်စုဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဩဂုတ် ၂၈ ရက်တွင် အင်အား ၁၅၀ မှ ၂၀၀ နီးပါးပါဝင်သည့် စစ်တပ် စစ်ကြောင်းသည် လွယ်ယင်းတောင်ခြေသို့ ထပ်မံချဉ်းကပ်လာပြီး ဒရုန်းများဖြင့် ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့သည်။ ထို့ပြင် ဖယ်ခုံ၊ မိုးဗြဲ (၄၂၂)၊ လွိုင်ကော်နှင့် လွိုင်လင်လေး အခြေစိုက် တပ်ရင်းများမှ လက်နက်ကြီး များဖြင့် အလုံးပေါင်း ၈၀ ထက်မနည်း ပစ်ခတ်ခဲ့သဖြင့် MB PDF ရဲဘော်အချို့ အသေးစားဒဏ်ရာများ ရရှိခဲ့သည်။ ပြီးခဲ့သည့် ၃ လတာအတွင်း အာဏာလု စစ်တပ်၏ ဒရုန်း သုံးစင်း ကို ဟန့်တားဖျက်ဆီးနိုင်ခဲ့ရာ နှစ်စင်း မှာ ပျက်စီးသွားပြီး တစ်စင်း ကို သိမ်းဆည်းရမိခဲ့ကြောင်း MB PDF က ဆိုသည်။ ရှေ့ဆက်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး အာဏာလု စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများကို ရမ်းသန်းပစ်ခတ်နေသဖြင့် မိဘပြည်သူများအနေဖြင့် အမှတ် (၁၀၀၁) တပ်ရင်းမှ ထုတ်ပြန်ထားသည့် သွားလာခွင့်ပိတ်ပင်ထားသော လမ်းကြောင်းများအားလုံးကို ဖြတ်သန်းသွားလာခြင်း လုံးဝ မပြုကြရန် လည်း အထူးသတိပေး နှိုးဆော်ထားသည်။ ဓာတ်ပုံ-MB PDF Post navigation တရားမဝင် သစ်လုံး ၁၀၄ လုံးကို KNU နှင့် ထိုင်းသစ်တောဌာန ပူးပေါင်းဖမ်းဆီး ဗန်းမော်သို့ ဆန်တက်သည့် ထောက်ပို့သင်္ဘော ၁ စင်း မီးလောင်ပျက်စီးကာ ၁၆ ဦး သေဆုံး၊ စစ်ကူလာသည့် တပ်မ ၉၉ စစ်ကြောင်းမှူး ဗိုလ်မှူးလည်း တိုက်ပွဲအတွင်း သေဆုံး