PSM (News) ဩဂုတ် ၂၉ ၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မူထရော်ခရိုင် ဖာပွန်နယ်ခြားလုံခြုံရေးနှင့် ကုန်သွယ်ရေးရုံး (မဲရာထာ စစ်ဆေးရေးဂိတ်) သည် နယ်စပ်တစ်လျှောက် တရားမဝင် သစ်မှောင်ခိုကူးမှုများကို ထိုင်းနိုင်ငံ သစ်တောဌာနနှင့် ပူးပေါင်း၍ ရက်ပိုင်းအတွင်း တရားမဝင် သစ်လုံး ၁၀၄ လုံးကို ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။ ကော့သူးလေ ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် ခုတ်ယူထားသည့် သစ်လုံး ၄၅ လုံးကို ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်တွင် KNU အာဏာပိုင်များက စတင်သိမ်းဆည်းရမိခဲ့ပြီး ဩဂုတ် ၂၆ ရက်တွင် KNU နှင့် ထိုင်းနိုင်ငံ သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် သံလွင်မြစ် ထိုင်းနိုင်ငံဘက်ကမ်း၌ တရားမဝင် သစ်လုံး ၅၉ လုံးကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ဩဂုတ် ၂၃ ရက်က သိမ်းဆည်းရမိခဲ့သော သစ်များကို KNU ၏ သစ်တောဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် မူထရော်ခရိုင် သစ်တောဌာနထံ လွှဲပြောင်းပေးခဲ့ပြီး ဩဂုတ် ၂၆ ရက်တွင် ထိုင်းဘက်ကမ်း၌ ဖမ်းဆီးရမိခဲ့သည့် သစ်များကိုမူ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ KNU သည် ၂၀၂၅ ခုနှစ် အစောပိုင်းမှစ၍ နယ်စပ်ကုန်သွယ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ပြဋ္ဌာန်းခဲ့ပြီး မူထရော်ခရိုင်တွင် နယ်ခြားလုံခြုံရေးနှင့် ကုန်သွယ်ရေးရုံးကို တရားဝင် စတင်ဖွင့်လှစ်ကာ ထိုမှတစ်ဆင့် နယ်စပ်တစ်လျှောက် တရားမဝင် သစ်ခုတ်မှု၊ တရားမဝင် ကုန်သွယ်မှုနှင့် ဖြတ်သန်းသွားလာမှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းလျက်ရှိကြောင်း သိရသည်။ ယခုကဲ့သို့ ဆက်တိုက်ဖမ်းဆီးရမိမှုများသည် KNU နှင့် ထိုင်းဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာသည်ကို ပြသနေပြီး KNU အနေဖြင့် နယ်စပ်ဒေသ ဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှုများကို ထိုင်းအာဏာပိုင်များနှင့်ဆက်လက် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ Post navigation အနောက်တောင်မုတ်သုံလေ အားလွန်ကောင်းနေ၍ ရခိုင်၊ ပဲခူး၊ မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် ဒေသ အလိုက် မိုးအလွန်ကြီးနိုင်၊ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံနှင့် မဒေါက်တွင် ရေဘေး သတိပြု ရန် လိုအပ် မိုးဗြဲတွင် ၃ လအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ၂၀ ကျော် သေဆုံး၊ ဒရုန်း ၂ စင်းကို တော်လှန်ရေးတပ်များ ပစ်ချနိုင်ခဲ့