ဒေါင်းညို/PSM (News)

မတ် ၃၀ ၊ ၂၀၂၆

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ကျေးရွာတွင် မတ်လ ၂၇ ရက် နံနက်ပိုင်းက ကလေးငယ်နှစ်ဦး ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ယူဆောင်လာသည့် ၆၀ မမ ဗုံးသီးကို အသက် (၁၀) နှစ်အရွယ် ကလေးငယ်နှစ်ဦးက တွေ့ရှိဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကလေးငယ်နှစ်ဦးက ဆွေမျိုးတော်စပ်သူတွေပါ။ ကျောင်းနေအရွယ်လေးတွေဗျာ။ သူတို့က ပထမတော့ အဝေးကနေ ခဲနဲ့ပစ်ပေါက်နေကြတာ။ ဘာမှမထူးခြားတော့မှ ကလေးတစ်ယောက်က ခဲအကြီးနဲ့ ထုချလိုက်တဲ့အချိန်မှာ ပေါက်ကွဲသွားတာ” ဟု Indaw Revolution (IR) တာဝန်ရှိသူတစ်ဦးက PSM ကို ပြောသည်။

ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးလုံး ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူတစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ်အတွင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျောင်းသားလေးတွေဖြစ်လို့ မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။ တော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေကို လက်ကမ်းစာစောင်တွေ၊ သရုပ်ပြတာတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေချင်တယ်” ဟု အထက်ပါ တာဝန်ရှိသူက အကြံပြုတိုက်တွန်းထားသည်။

အင်းတော်မြို့နယ်သည် လက်ရှိတွင် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသော မြို့တစ်မြို့ ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ရသည်။

ဓာတ်ပုံ-CJ

By Htet Ko