PSM (News)

မတ် ၃၀ ၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းမိသားစုဝင် ၁၅၂ ဦးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် မတ်လ ၁၀ ရက်တွင် တတိယအကြိမ်အဖြစ် ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။

AA က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် စစ်သုံ့ပန်းမိသားစုဝင်များတွင် အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၅၄ ဦး၊ အမျိုးသားကလေးငယ် ၃၀ ဦးနှင့် အမျိုးသမီးကလေးငယ် ၂၄ ဦး စုစုပေါင်း ၁၅၂ ဦး ပါဝင်ပြီး အခမ်းအနားဖြင့် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြန်လည်လွှတ်ပေးရာတွင် သက်ဆိုင်ရာ မိသားစုဝင်များ သွားလာရမည့် ခရီးအကွာအဝေးအပေါ် မူတည်၍ လမ်းစရိတ် ငွေသားအချို့ကိုလည်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော်သည် မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းမိသားစုဝင်များကို အဆင့်ဆင့် ပြန်လည်လွှတ်ပေးခဲ့ရာ ပြီးခဲ့သည့် ၂၀၂၅ ၊ ဧပြီ ၁၃ ရက်နေ့တွင် မင်းပြား မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းမိသားစုဝင် ၁၇၀ ဦးကို ပထမအကြိမ်အဖြစ် လွှတ်ပေးခဲ့သည်။

ထို့အပြင် ၂၀၂၅ ၊ မေ ၁၆ ရက်နေ့တွင်လည်း စစ်သုံ့ပန်းမိသားစုဝင်၂၂၅ ဦးတို့ကို ဒုတိယအကြိမ်အဖြစ် ပြန် လည်လွှတ်ပေးခဲ့ပြီး ယခုအခါ တတိယအကြိမ်အဖြစ် စစ်သုံ့ပန်းမိသားစုဝင် ၁၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။

ပုံစာ-မတ် ၁၀ ရက်နေ့က တတိယအကြိမ်အဖြစ် ပြန်လည်လွှတ်ပေးခဲ့သည့် စစ်သုံ့ပန်း မိသားစုဝင် ၁၅၀ ကျော်ကို တွေ့ရစဉ်

By Htet Ko