PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၌ ယမန်နေ့ စက်တင်ဘာ ၂ ရက် ည ၉ နာရီခန့်တွင် ယာကြီးကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် အာဏာလု စစ်အုပ်စု စစ်ကြောင်းက လွှတ်တင်လိုက်သည့် ကာမီကာဇေ အသေခံ ဒရုန်း ၁ စီးသည် ဆည်တိုကျေးရွာအုပ်စု၊ ဆည်ကွဲကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံ လင်မယား နှစ် ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး တစ် ဦး သေဆုံးသွား ကြောင်း လူထုသတင်းကွန်ရက် (မလှိုင်မြို့) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးချစ်ကိုနှင့် ဇနီးဖြစ်သူ ဒေါ်ဝိုင်း တို့မှာ ဗုံးစထိမှန် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သဖြင့် ဆည်တိုဆေးရုံသို့ အရေးပေါ် ပို့ဆောင်ဆေးကုသစဉ် ဦးချစ်ကိုမှာ ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ “သူတို့ လင်မယားက အိမ်ထဲမှာ အိပ်နေကြတာပါ။ ဒရုန်းက အိမ်ရှေ့ မန်ကျည်းပင်ပေါ် ကျပေါက်ကွဲတော့ ဗုံးစတွေက အိမ်သွပ်တွေနဲ့ ထရံတွေကို ဖောက်ထွက်လာပြီး ထိမှန်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ စစ်ကြောင်းသည် ယနေ့ စက်တင်ဘာ ၃ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဩဇာခြံကျေးရွာ ဘုန်း ကြီးကျောင်းမှတစ်ဆင့် ဂွေးညိုဝင်းကျေးရွာသို့ ဝင်ရောက်တပ်စွဲခဲ့ပြီး လက်ရှိတွင် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဆင်ကျုံးကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုး လှုပ်ရှားနေသဖြင့် အနီးဝန်းကျင်ရှိ ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူထုသတင်းကွန်ရက် (မလှိုင်မြို့) က အသိပေးနှိုးဆော် ထားသည်။ ဓာတ်ပုံ-စစ်အုပ်စုက အသုံးပြုလာသည့် ကာမီကာဇေ အသေခံဒရုန်း (ပုံဟောင်း) Post navigation ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအန္တရာယ် မရှိနိုင်သော်လည်း ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်ရှိနေမည် ထားဝယ်နှင့် လောင်းလုံးတွင် အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင် ၇ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ထွက်ပြေး လာသည့် ၃ ဦးကို S.G.F ဖမ်းဆီးထိန်းသိမ်း