PSM (News)

စက်တင်ဘာ ၃၊ ၂၀၂၆

ယခု စက်တင်ဘာလဆန်းပိုင်းတွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်း ဖြစ်ပေါ်နိုင်သည့် အန္တရာယ်မရှိဘဲ ရာသီဥတု တည်ငြိမ်နိုင်ကာ နိုင်ငံတစ်ဝန်းလုံး၌ မိုးရွာသွန်းမှု ပြန်လည် လျော့နည်းသွားမည် ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသ ကိန်းဂဏန်းပြ အချက်အလက်မြေပုံ (Tropical Tidbits) ၏ AIFS-ENS အချက်အလက်များ အရ သိရသည်။

လေထုအောက်ပိုင်း လေဖိအားအခြေအနေများအရ စက်တင်ဘာ ၆ ရက်အတွင်း အိန္ဒိယတောင်ပိုင်း၊ ဆူမားတြားကျွန်းမြောက်ဘက်နှင့် ဟိမဝန္တာတောင်တန်းဒေသတို့တွင် လေဖိအားမြင့်စနစ်များ စိုးမိုး ထားသဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်း လေတိုက်နှုန်း လျော့ပါးသွားမည် ဖြစ်သည်။ လာမည့် ၄၈ နာရီအတွင်း ရခိုင် ပြည်နယ်အပါအဝင် မြန်မာကမ်းရိုးတန်းတစ်လျှောက် မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် တနင်္သာရီ၊ မွန်၊ ကရင်နှင့် မြစ်ဝကျွန်းပေါ်ဒေသများအပါအဝင် တစ်နိုင်ငံလုံးနီးပါး မိုးရွာသွန်းမှု သိသာစွာ ပါးသွားမည် ဖြစ်သည်။

လက်ရှိတွင် ထိုင်းမိုးလေဝသဌာန၏ မြေပုံများအရ မုတ်သုံမြောင်တန်းတစ်ခုသည် ရခိုင်၊ ချင်း၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းတောင်နှင့် ကရင်နီတို့ကို ဖြတ်သန်းနေသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများ၌ မိုးအားကောင်းနေဦးမည် ဖြစ်သည်။

ယနေ့ စက်တင်ဘာ ၃ ရက်နေ့တွင် ချင်းပြည်နှင့် စစ်ကိုင်းတိုင်းတို့၌ နေရာအနှံ့အပြား မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး ဒေသအလိုက် မိုးသည်းထန်နိုင်သည်။ ကချင်၊ ရခိုင်၊ ပဲခူး၊ ရန်ကုန်၊ မွန်၊ ကရင်၊ နေပြည် တော်နှင့် ရှမ်း (မြောက်ပိုင်း/အရှေ့ပိုင်း) တို့တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့် ရွာသွန်းကာ နေရာကွက် မိုးသည်းထန်နိုင်သည်။

တနင်္သာရီ၊ ဧရာဝတီ၊ မကွေး၊ မန္တလေးတို့၌ နေရာစိပ်စိပ်မှ နေရာကျဲကျဲနှင့် ကရင်နီနှင့် ရှမ်းတောင်တို့တွင် နေရာကျဲကျဲ မိုးအနည်းငယ် ရွာနိုင်သည်။ နောက်နှစ်ရက်အတွင်း ရှမ်းပြည်၊ အလယ်ပိုင်း၊ အရှေ့ပိုင်း ဒေသများအပြင် မွန်၊ ကရင်နှင့် ပဲခူးအရှေ့ခြမ်းတို့၌ မိုးပြန်ပိုလာနိုင်သည်။ ဒေသအလိုက် အားဖြင့် စက်တင်ဘာ ၆ ရက်အထိ စဉ့်ကူ၊ သာစည်နှင့် မအူပင်မြို့တို့တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့် ရွာသွန်းနိုင်သည်။

မြစ်ရေကြီးခြင်း သတိပေးချက်များအရ ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့သည် စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိနေသည်။ ပဲခူးမြစ်ရေသည် ပဲခူးမြို့၌ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး အထက်ပိုင်း ဇောင်းတူမြို့မှ ရေများ ဆက်လက်စီးဝင်နေသဖြင့် စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်အတွင်း စိုးရိမ်ရေမှတ်အထက်၌ အမြင့်ဆုံးသို့ ရောက်ရှိနိုင်သည်။

ကမ္ဘာ့ရေကြီးမှု သတိပေးစနစ် မြေပုံများအရ ပဲခူးမြို့ဝန်းကျင်သည် ရေဘေးအန္တရာယ် မြင့်မားသည့် အနီရောင်အဆင့်တွင် ရှိနေသော်လည်း ရေအလွန်ကြီးသည့် အခြေအနေသို့ ရောက်ရှိနိုင်မည် မဟုတ် ကြောင်း သိရသည်။ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး ချင်းတွင်းမြစ်ရေသည်လည်း မင်းကင်းနှင့် မုံရွာမြို့တို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ မြင့်တက်နိုင်သည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၌လည်းကောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့၌လည်းကောင်း အနည်း ငယ် ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်၌ ဆက်လက် တည်ရှိနေမည် ဖြစ်သည်။ ရွှေကျင်မြစ်ရေမှာမူ ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းသွားနိုင်သည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် မြစ်ကြီးနားမှလွဲ၍ ကျန်မြို့များ၌ မြစ်ရေမြင့်တက်နေပြီး ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန်တိုင်း အဖျောက်မြို့ဝန်းကျင်၌လည်း မြစ်ရေ ဆက်လက် မြင့်တက်လာနိုင်သည်။ ငဝန်မြစ်ရေသည် ငသိုင်းချောင်းတွင် အနည်းငယ် မြင့်တက်နိုင်ပြီး တိုးမြစ်ရေ သည်လည်း အတက်ဘက်တွင် ရှိနေသည်။

သို့ဖြစ်ပါ၍ မဒေါက်၊ ဘားအံ၊ ပဲခူး၊ ကလေး၊ မင်းကင်းနှင့် မုံရွာမြို့နယ်များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုရန် လိုအပ်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် တစ်နာရီလျှင် မိုင် ၃၀ အထိ မိုးသက် လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရှိကာ လှိုင်းကြီးနိုင်သဖြင့် ပင်လယ်ပြင် ခရီးသွားလာသူများနှင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများ ပင်လယ်ပြင်သို့ ထွက်ခွာခြင်းမပြုရန် အထူး သတိပေးထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *