PSM (News) စက်တင်ဘာ ၂၊ ၂၀၂၆ ခဲမဖြူ နှင့် အဖြိုက်နက် သတ္ထုများ ထွက်ရှိသည့် ကရင်နီပြည်နယ်၊ မော်ချီးမြို့ပေါ်သို့ အာဏာလု စစ်အုပ်စု က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် နှစ် ဦး အပါအဝင် အရပ်သား ခြောက် ဦး သေဆုံးခဲ့ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံမှ သိရသည်။ အာဏာလု စစ်အုပ်စုသည် ယမန်နေ့ စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မော်ချီးမြို့ ဘုရားကုန်းဝန်းကျင်သို့ လေကြောင်းမှ နာရီဝက်ခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “ထိခိုက်သူ ၉ ဦးရှိပြီး ၆ ဦး သေဆုံးတယ်။ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၂ ဦးပါတယ်။ ကလေးက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး။ နေအိမ် ၆ လုံးလောက် တော်တော် ပျက်စီးသွားတယ်” ဟု IEC ၏ အတွင်းရေးမှူး-၂ ဦးဗညာက PSM ကို ပြောသည်။ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ်အတွင်း မော်ချီးဒေသကို စိစစ်ထိန်းချုပ် ခဲ့ပြီးနောက် အာဏာလု စစ်အုပ်စုသည် ဒေသတွင်းရှိ အရပ်သားများကို ဦးတည်သည့် လေကြောင်း တိုက်ခိုက် မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းကလည်း မော်ချီးမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံနှင့် သတ္ထုမိုင်းတွင်းတို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation ရွှေကူတွင် အာဏာလု စစ်အုပ်စု စစ်ရေယာဉ် ၄ စီး ပျက်စီးပြီး စစ်သား ၁၀၀ ကျော် အလံဖြူထောင် လက်နက်ချ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအန္တရာယ် မရှိနိုင်သော်လည်း ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်ရှိနေမည်