PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တရားဝင် ခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့သည့် ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်သည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၌ ဗီယက်နမ်၏ ကြံရာပါ ပတ်သက်မှုကို ပိုမိုနက်ရှိုင်းစေကြောင်း ယနေ့ စက်တင်ဘာ ၃ ရက်တွင် Justice For Myanmar (JFM) က ထုတ်ပြန်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဗီယမ်နမ်နိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက်ရန် စီစဉ်ထားပြီး အဆိုပါ ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ကာ ဆက်သွယ်ရေး၊ လေယာဉ်ဆီ၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းထောက်ပံ့မှုနှင့် စစ်ရေးလေ့ကျင့်မှုများ အပါအဝင် နှစ်နိုင်ငံ စီးပွားရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ခိုင်မာစေမည်ဖြစ်ကြောင်း JFM က ထောက်ပြထားသည်။ မြန်မာနိုင်ငံတွင် ဗီယက်နမ်၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Mytel ဆက်သွယ်ရေး လုပ်ငန်းသည် စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global စသည့် ကုမ္ပဏီများ ဖက်စပ် လုပ်ကိုင်နေခြင်းဖြစ်သည်။ Mytel လုပ်ငန်း၏ ရှယ်ယာများမှတစ်ဆင့် မြန်မာစစ်တပ်သည် ၁၀ နှစ်အတွင်း အမြတ်ဝေစု အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ပြီး စစ်တပ်၏ မြေအောက် ဖိုက်ဘာကေဘယ်လ် ကွန်ရက်များကိုလည်း အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။ ထို့အပြင် Viettel ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုသည် တိုင်းရင်းသား ဒေသများရှိ စစ်တပ် အခြေစိုက်စခန်းများနှင့် လက်နက်ဆန်း စက်ရုံဝင်းများအတွင်း Mytel တာဝါတိုင် အနည်းဆုံး ၃၈ ခု တည်ဆောက်ပေးခဲ့သလို၊ Mytel ၏ ရန်ကုန်နှင့် မန္တလေး ဒေတာစင်တာများတွင် တရုတ်နိုင်ငံထုတ် အင်တာနက် ပိတ်ဆို့ရေးနှင့် တစ်ဦးချင်း ခြေရာခံ စောင့်ကြည့်ရေး စနစ်များကို တပ်ဆင်ကာ စစ်အုပ်စု၏ ဒစ်ဂျစ်တယ် အာဏာရှင်စနစ်ကို ကူညီပေးနေကြောင်း JFM က ဖော်ထုတ်ထားသည်။ ဗီယက်နမ် ကုမ္ပဏီများသည် မြန်မာစစ်တပ်၏ အရပ်သားများအပေါ် လေကြောင်းမှ ဗုံးကြဲရာတွင် အသုံးပြုသည့် လေယာဉ်ဆီ တင်ပို့ရေး ကွင်းဆက်များ၌လည်း ပါဝင်ပတ်သက်နေသည်။ ဟိုင်လင်း (Hai Linh) ကုမ္ပဏီသည် ကိုင်မက်ပ် (Cai Mep) ဆိပ်ကမ်းမှတစ်ဆင့် လေယာဉ်ဆီများ ဦးတည်ရာနေရာ လွှဲပြောင်းရန် ကူညီပေးခဲ့သလို၊ အခြား ဗီယက်နမ် ကုမ္ပဏီများဖြစ်သည့် Allsea Management နှင့် Legendsea တို့သည်လည်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ခဲ့သည့် သင်္ဘောများနှင့် ဆက်နွှယ်နေကြောင်း Amnesty International(AI) ၏ စုံစမ်းတွေ့ရှိချက်များကို ကိုးကား၍ ဖော်ပြထားသည်။ စစ်ဘက်သုံး ပစ္စည်းများ ပေးပို့မှုတွင်လည်း ဗီယက်နမ် OSB Investment ကုမ္ပဏီသည် ဂျာမနီနိုင်ငံထုတ် ဂြိုဟ်တုဆက်သွယ်ရေး မိုဒမ်များကို ဗီယက်နမ်မှတစ်ဆင့် မြန်မာစစ်တပ် ထောက်ပံ့ရေး ဦးစီးဌာနထံ ပို့ဆောင်ပေးခဲ့ခြင်းများ ရှိခဲ့သည်။ သို့ဖြစ်ပါ၍ စစ်အုပ်စုထံ ဘဏ္ဍာငွေ၊ စစ်ရေးသုံး ပစ္စည်းများနှင့် လေယာဉ်ဆီများ ထောက်ပံ့ပေးနေသည့် Mytel အပါအဝင် ဗီယက်နမ် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် ကွန်ရက်တစ်ခုလုံးအပေါ် နိုင်ငံတကာ အသိုင်းအဝန်းက ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်း ချမှတ်ပေးရန် Justice For Myanmar က တောင်းဆိုထားသည်။ “တရားမဝင် စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှု ပေးအပ်ဖို့ ဗီယက်နမ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ စီးပွားရေး ပတ်သက်မှုတွေကနေ စစ်အုပ်စုနဲ့ ကြံရာပါ ပတ်သက်နေမှုကို ပိုမိုနက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် Justice For Myanmar က ရှုတ်ချပါတယ်။ ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်တို့အနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် ကွန်ရက်တစ်ခုလုံးပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရပါမယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။ Post navigation ထားဝယ်နှင့် လောင်းလုံးတွင် အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင် ၇ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ထွက်ပြေး လာသည့် ၃ ဦးကို S.G.F ဖမ်းဆီးထိန်းသိမ်း ရိုဟင်ဂျာအရေး နိုင်ငံတကာ၏ ထုတ်ပြန်ချက်များမှာ နိုင်ငံရေးလှုံ့ဆော်မှုများသာဖြစ်သည်ဟု အာဏာလု စစ်အုပ်စု စွပ်စွဲ၍ ပယ်ချ