PSM(News) ဧပြီ ၃ ၊၂၀၂၆ ကမ္ဘာကျော်ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သည့် ONE Championship ၏ ယနေ့ည ဧပြီ ၃ ရက် တွင် ကျင်းပမည့် ONE Friday Fights 149 ပြိုင်ပွဲ၌ မြန်မာ့ဂုဏ်ဆောင် ဖိုက်တာ သန့်စင်နှင့် အောက်ချင်းလေးတို့က ထိုင်းဖိုက်တာများနှင့် အသီးသီး ရင်ဆိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ညပွဲစဉ်တွင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသည့် သန့်စင်က ထိုင်းလူငယ်ကြယ်ပွင့် ဖိုက်တာ ဂျာရတ်ချိုင်း နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သန့်စင်သည် ONE ပြိုင်ပွဲစဉ်များတွင် ၆ ပွဲထိုး၊ ၂ ပွဲနိုင် ရလဒ်ပိုင်ဆိုင်ထားပြီးပြိုင်ဘက် ဂျာရတ်ချိုင်းမှာ အသက် ၁၈ နှစ်သာရှိသေးသော်လည်း ONE တွင် ၂ ပွဲထိုး၊ ၂ ပွဲနိုင် ရလဒ်နှင့်အတူ ပွဲတွေ့အတွေ့အကြုံ ရာချီရှိထားသည့် ပြိုင်ဘက်ကောင်းဖြစ်သဖြင့် အကြိတ်အနယ်ရှိမည့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။ အလားတူ ONE Championship တွင် ပရော်ဖက်ရှင်နယ်အဆင့်သို့ တက်လှမ်းလာသည့် ချင်းလူငယ် ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး သည်လည်း အတွေ့အကြုံရင့်ပြီး တိုက်စစ်ဆင်မှု အားကောင်းသည့် ထိုင်းဖိုက်တာ ခွန်ဆတ် နှင့် ရင်ဆိုင်ထိုးသတ်ရမည်ဖြစ်သည်။ ONE Championshipမှ ရုပ်သံမူပိုင်ခွင့်များ ရောင်းချလာသည့်အတွက် ONE Friday Fights အပတ်စဉ် ပြိုင်ပွဲများကို အခပေးလိုင်းနှင့်အခမဲ့လိုင်းဟူ၍ ၂ပိုင်းခွဲကျင်းပလာသည်။ ထို့ကြောင့် အပိုင်း (၁) ပထမပိုင်း အခပေးလိုင်းတွင် ဖိုက်တာ သန့်စင်၏ ပွဲစဉ်ကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး အပိုင်း (၂) အခမဲ့လိုင်းတွင် အောက်ချင်းလေး၏ ပွဲစဉ်ကို ဒုတိယပိုင်းတွင် အခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ- ONE Championship Post navigation လွှတ်တော်အတုက အတည်ပြုလိုက်၍ သွေးစွန်းသော ၅ နှစ်တာ မှတ်တမ်းများဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ဖြစ်လာ ချောက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း သေဆုံး