PSM (News)

ဩဂုတ် ၂၉ ၊ ၂၀၂၆

ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအထက်ပိုင်းတို့တွင် လေပွေလှိုင်းနှင့် လေထုအနိမ့်ပိုင်း လေရစ်ဝဲများ ဆက်လက်အားကောင်းနေသဖြင့် မြန်မာနိုင်ငံအတွင်းသို့ အနောက် တောင်မုတ်သုံလေ အားအလွန်ကောင်းစွာ ဝင်ရောက်လျက်ရှိကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ၏ မိုးလေဝသမြေပုံများနှင့် အိန္ဒိယမိုးလေဝသဌာန (IMD) တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ မိုးလေဝသစနစ်များကြောင့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ မွန်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာအနှံ့အပြား မိုးများရာမှ မိုးအလွန်ကြီးနိုင်ပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်လည်း ဒေသအလိုက် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူများက သတိပေးထားသည်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်နီ (ကယား) ပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းအနောက်ခြမ်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းကာ နေရာကွက် မိုးထစ်ချုန်းရွာနိုင်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေး စစ်ကိုင်းအောက်ပိုင်း မန္တလေးနဲ့ နေပြည်တော်တို့ မှာတော့ မိုးအနည်းငယ် ရွာသွန်းနိုင်တဲ့အပြင် မိုးတိမ်တောင်တွေ ဖြစ်ထွန်းနိုင်တာကြောင့် နေရာကွက် မိုးထစ်ချုန်းနိုင်ပါတယ်။

ဒီနေ့မှာတော့ ရခိုင်ပြည် ပဲခူးတိုင်းအရှေ့ခြမ်း မွန်ပြည် ကရင်ပြည်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာ အနှံ့အပြား မိုးများရာကနေ မိုးအလွန်နိုင်မှာဖြစ်ပြီး ချင်းပြည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာလည်း နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးများနိုင်ပြီး ဒေသအလိုက် မိုးအလွန်ကြီးနိုင်ပါတယ်။

ဒေသအလိုက် မေးမြန်းချက်များအရ မန္တလေးတိုင်း သာစည်မြို့နယ်တွင် စက်တင်ဘာ ၁ ရက်အထိ မိုးအနည်း ငယ်သာ ရွာနိုင်သော်လည်း မကွေးတိုင်း မြို့သစ်မြို့နယ်၌ မိုးအသင့်အတင့်မှ နေရာကွက် မိုးသည်းထန်နိုင်ပြီး၊ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင်မူ မိုးကြီးနိုင်သည့် အခြေအနေရှိနေသည်။

မြစ်ရေကြီးမှုသတိပေးချက်များအရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ်အထက်၌ ဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် အနည်းငယ်ပြန် ကျနိုင်သော်လည်း စိုးရိမ်ရေအမှတ်ထက်တွင် ရှိနေဆဲဖြစ်ကြောင်း မိုးဇလ က ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ ဘားအံနှင့် မဒေါက်မြို့တို့မှ မြစ်ကမ်းအနီး မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေး လွတ်ရာသို့ အမြန်ဆုံး ရှောင်ရှားရန် တိုက်တွန်းထားသည်။

မြန်မာ့ပင်လယ်ပြင်တွင် ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ မိုးသက်လေပြင်းများ တိုက်ခတ် နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ လှိုင်းကြီးနိုင်သဖြင့် ပင်လယ်ပြင်အတွင်း သွားလာနေသည့် ရေလုပ်သားများနှင့် ရေကြောင်းခရီးသွားများအနေဖြင့် စက်လှေ၊ သင်္ဘောများ ထွက်ခွာခြင်း မပြုကြရန် အထူးသတိပေးထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *