PSM(News) ဩဂုတ် ၂၉၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့သို့ ရောက်ရှိနေသည့် အာဏာလု စစ်အုပ်စု၏ ထောက်ပို့ရေယာဉ်အုပ်စု ဗန်းမော် မြို့သို့ ဆက်လက်ဆန်တက်နိုင်ရန်အတွက် ရွှေကူနှင့် ဗန်းမော်ကြားရှိ ဧရာဝတီမြစ်ကမ်းဘေး နေရာများကို လမ်းကြောင်းရှင်းသည့်အနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကချင် လွတ်လပ်ရေးတပ်မတော် (KIA) စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ စစ်အုပ်စု၏ ထောက်ပို့ရေယာဉ်အုပ်စုသည် မန္တလေးနှင့် ကသာမြို့တို့မှတစ်ဆင့် ရွှေကူမြို့သို့ ရောက်ရှိ နေခြင်းဖြစ်ပြီး ဗန်းမော်မြို့သို့ ဆက်လက်ဆန်တက်ရန် မြစ်ကြောင်းတစ်လျှောက် ပစ်ခတ်တိုက်ခိုက် နေခြင်း ဖြစ်သည်။ “ကသာမှာ ခဲယမ်းအချို့ ချခဲ့တယ်။ ဗန်းမော်အထိ တက်ဖို့ ရည်မှန်းချက်ရှိပုံရတယ်။ ရွှေကူအထက်နား မြစ် ကမ်း ဘယ်၊ ညာကို ကြဲနေတာ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။ ကသာမှ ရွှေကူသို့ လာရာ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တွင်လည်း အဆိုပါ ထောက်ပို့ရေ ယာဉ်အုပ်စုကို လုံခြုံရေးယူပေးသည့် စစ်အုပ်စု စစ်ကြောင်းများနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်အုပ်စု၏ လေကြောင်းဗုံးကြဲမှုများကြောင့် အရပ်သား အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ရွှေကူနှင့် ဗန်းမော်ကြားရှိ ဇင်ဘုံရွာနှင့် KIA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် စင်ခမ်းတံတားတို့အား စစ်အုပ်စုက ထိုးစစ်ဆင်နေသည့်အတွက် အဆိုပါ နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ အာဏာလု စစ်အုပ်စုသည် မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေသည့် ဗန်းမော်မြို့သို့ စစ်ကူနှင့် ခဲယမ်း ဖြည့်တင်းရန်အတွက် ဩဂုတ် ၂၀ ရက်မှစ၍ မန္တလေးမြို့မှ တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ ကမ်းထိုးသင်္ဘော ၄ စီးနှင့် တွဲတွန်းသင်္ဘော ၈ စီး ပါဝင်သော ထောက်ပို့ရေယာဉ်အုပ်စုဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်သို့ ဆန်တက်လာခြင်း ဖြစ်သည်။ ဓာတ်ပုံ-CJ Post navigation အသိအမှတ်ပြုမှုထက် တာဝန်ခံမှုကို ဦးစားပေး၍ ဦးကျော်မိုးထွန်းကို UN အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက်ထားရှိရန် ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်း တိုက်တွန်း အနောက်တောင်မုတ်သုံလေ အားလွန်ကောင်းနေ၍ ရခိုင်၊ ပဲခူး၊ မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် ဒေသ အလိုက် မိုးအလွန်ကြီးနိုင်၊ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံနှင့် မဒေါက်တွင် ရေဘေး သတိပြု ရန် လိုအပ်