PSM (News)

ဩဂုတ် ၂၉ ၊ ၂၀၂၆

အာဏာလု စစ်အုပ်စုထံ အသိအမှတ်ပြုမှု မပေးမီ တာဝန်ခံခိုင်းမှု အရင်လာရမည်ဖြစ်ရာ ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိ ပေးရန် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က ကုလသမဂ္ဂနှင့်ကမ္ဘာ့ခေါင်းဆောင်များထံ ယနေ့ တိုက်တွန်းတောင်းဆိုခဲ့သည်။

အာဏာရှင် စစ်အုပ်စုသည် အသက် ၈၁ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနှင့် ခွဲခြားကာ ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးထားသလို အခြားနိုင်ငံရေးအကျဉ်းသား အများအပြားကို လည်း မတရား ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း ကိုထိန်လင်းက ပြောကြားထားသည်။

“ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးသူတွေကိုယ်တိုင်က မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။ ကုလသမဂ္ဂကိုယ်တိုင် ဒီလို ရာဇဝတ်မှုတွေကို မှတ်တမ်းတင်နေချိန်မှာ ဒီရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို သူတို့လိုချင်နေတဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု ပေးဖို့ ဘယ်လိုစဉ်းစားနိုင်မလဲ” ဟု ကိုထိန်လင်းက ဆိုသည်။

ထို့ပြင် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် နေရာသည် မင်းအောင်လှိုင်နှင့် စစ်အာဏာရှင် အဖွဲ့အတွက် ဆုလာဘ် မဖြစ်သင့်ကြောင်းနှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီအသံကို စစ်အာဏာရှင် များက ကုလသမဂ္ဂ၌ တိတ်ဆိတ်သွားအောင် လုပ်ဆောင်ခွင့် မပေးရန်လည်း ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းထားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စစ်တပ်၏ အာဏာသိမ်းမှုကို ပွင့်လင်းပြတ်သားစွာ ရှုတ်ချခဲ့ပြီး လက်သုံးချောင်းထောင်ကာ ပြည်သူနှင့်အတူ ရပ်တည်ခဲ့သူ ဖြစ်သည်။

အာဏာလု စစ်အုပ်စုက ဦးကျော်မိုးထွန်းအား ရာထူးမှ ထုတ်ပယ်ပြီး ၎င်းတို့၏ ကိုယ်စားလှယ်ဖြင့် အစားထိုးရန် နှစ်စဉ် ကြိုးပမ်းလျက်ရှိသော်လည်း ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီသည် စစ်အုပ်စု၏ တောင်းဆိုမှုကို ပယ်ချထားသဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ယနေ့တိုင် မြန်မာနိုင်ငံ၏ တရားဝင် အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ စင်မြင့်ထက်တွင် မြန်မာပြည်သူများ ကြုံတွေ့ နေရသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများနှင့် အာဏာလု စစ်အုပ်စု၏ အကြမ်းဖက်မှု များကို ကမ္ဘာက သိအောင် အစဉ်တစိုက် တင်ပြနေသူဖြစ်သည်။

ဦးကျော်မိုးထွန်းသည် ယခု ဩဂုတ်လကုန်ပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာ အကျပ်အတည်း နှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်ပြကာ စစ်အုပ်စုထံ လက်နက်နှင့် လေယာဉ်ဆီ စီးဆင်းမှုများ ဖြတ်တောက်ပေးရန် ထပ်မံ တောင်းဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် ကုလသမဂ္ဂသို့ ပေးသွင်းရမည့် အဖွဲ့ဝင်ကြေးများကို စနစ်တကျ ပေးချေထားနိုင်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂတွင် ၂၀၂၆ ခုနှစ် ကုန်ဆုံးသည်အထိ မဲပေးပိုင်ခွင့် ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ကိုထိန်လင်း လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *