PSM (News)

ဩဂုတ် ၂၈ ၊ ၂၀၂၆

ယခု ဩဂုတ် ဩဂုတ် ၈ ရက်မှ ၂၁ ရက်(ဒုတိယပတ်နှင့် တတိယပတ်) အတွင်း အာဏာလု စစ်အုပ်စုလက် အောက်ခံ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၂၀ ဦး အလင်းဝင်ရောက်လာခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခြင်းများ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့ ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သည်။

ဩဂုတ် ဒုတိယပတ်နှင့် တတိယပတ် အတွင်း ပြည်သူ့ဘက်သို့ အလင်းဝင်ပူးပေါင်းလာသူ စုစုပေါင်း ၁၃ ဦး ရှိပြီး ကရင်ပြည်နယ်မှ ခြောက် ဦး၊ မကွေးတိုင်းမှ တစ် ဦး၊ ချင်းပြည်နယ်မှ သုံး ဦးအပါအဝင် စစ်သား ၁၀ ဦးနှင့် စစ်ကိုင်းတိုင်းမှ ပြည်သူ့စစ် သုံး ဦးတို့ ပါဝင်သည်။

အလင်းဝင်ရောက်လာသည့် စစ်သား ၁၀ ဦးအနက် ရှစ် ဦးမှာ အာဏာလု စစ်အုပ်စု၏ မတရား စစ်မှုထမ်းဥပဒေဖြင့် ဆွဲဆောင်ခံထားရသည့် စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ နှစ်ပတ်တာကာလအတွင်း စစ်ဆင်ရေးနယ်မြေအသီးသီး၌ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရ မိသူ စစ်သား ခုနစ် ဦး ရှိခဲ့ပြီး ကရင်နီပြည်နယ်မှ လေး ဦးနှင့် မကွေးတိုင်းမှ သုံး ဦးတို့ ဖြစ်ကြသည်။ ထိုသို့ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ခုနစ် ဦးအနက် တစ် ဦးမှာလည်း စစ်မှုထမ်းတပ်သားသစ်တစ်ဦး ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ ထံမှ သိရသည်။

ပြည်သူ့ပန်းတိုင်၏ စိစစ်ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လ တတိယပတ်အထိ အာဏာလု စစ်အုပ်စုထံမှ အလင်းဝင်ပူးပေါင်းလာသူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၃,၈၁၅ ဦးထိ ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် စစ်တပ်နှင့် ရဲတပ်ဖွဲ့အတွင်းမှ ပြည်သူ့ဘက်သို့ ကူးပြောင်းလိုသည့် စစ်သည် များကို လုံခြုံစိတ်ချရသော လမ်းကြောင်းများမှတစ်ဆင့် တိမ်းရှောင်နိုင်ရန် ဆောင်ရွက်ပေးနေပြီး စစ်ပွဲအတွင်း ထိခိုက်သေဆုံးမှုများ မကြုံတွေ့ရမီ မိသားစုနှင့် မိမိ၏ အနာဂတ်အတွက် ချက်ချင်း လက်နက်ချ အလင်းဝင်ရောက်ကြရန်လည်း ထပ်မံ တိုက်တွန်းထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *