PSM(News)

မတ် ၂၈၊ ၂၀၂၆

ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများအပြီး အာရက္ခတပ်တော် (AA) က ချိပ်ပိတ်သိမ်းဆည်း ထားသည့် နေအိမ်များကို ပိုင်ရှင်များဘက်မှ အသနားခံစာတင်ပြလာပါက ပြန်လည်စိစစ်၍ မူလ ပိုင်ရှင်များထံ လွှဲ ပြောင်းပေးအပ်နေကြောင်း ယမန်နေ့ မတ် ၂၈ ရက် ညပိုင်းတွင် အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ၎င်းတို့ထိန်းချုပ်ရာဒေသများအတွင်း တော်လှန်ရေး အစိုးရအား ဆန့်ကျင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်သူများ ပိုင်ဆိုင်သည့် နေအိမ်နှင့် အဆောက်အအုံအချို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ချိပ်ပိတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချိပ်ပိတ်ခံထားရသည့် နေအိမ်ပိုင်ရှင်အချို့က ၎င်းတို့အနေဖြင့် အပြစ်ကင်းစင်ကြောင်း အထောက်အ ထားများဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ အသနားခံစာတင်ပြလာသည့် အတွက် စနစ်တကျ ပြန်လည်စိစစ်ကာ အချို့နေအိမ်များကို မူလပိုင်ရှင်များလက်ထဲသို့ ပြန်လည်အပ်နှံ ပေးခဲ့ကြောင်း သိရသည်။

“အခြေအနေရဲ့ လိုအပ်ချက်အရ ချိပ်ပိတ်ခဲ့တာတွေ ရှိပါတယ်။ အိမ်ပိုင်ရှင်တွေဘက်က အပြစ်ကင်း ကြောင်း အချက်အလက်အပြည့်အစုံနဲ့ အသနားခံစာတင်ပြလာရင် ကျွန်တော်တို့ဘက်က ပြန်စိစစ် ပါတယ်။ အပြစ်ကင်းစင်တယ်ဆိုရင် ချိပ်ပိတ်ထားတာကို ပြန်ဖွင့်ပြီး မူလပိုင်ရှင်လက်ထဲ လွှဲပြောင်း ပေးတာတွေ ရှိပါတယ်” ဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

နေအိမ်ပြန်လည်ရရှိသူတစ်ဦးဖြစ်သည့် ဦးလှသိန်း(နာမည်လွှဲ) က ၎င်းအနေဖြင့် အိမ်တွင် မိသားစုနှင့် အတူ ရိုးသားစွာ နေထိုင်ခဲ့သူဖြစ်ပြီး ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လုံးဝပတ်သက်မှု မရှိကြောင်း လျှောက်ထားခဲ့သည်။ ထိုသို့ လျှောက်ထားရာတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လိုအပ်သည့်စိစစ်မှုများပြုလုပ်ပြီးနောက် နေအိမ်ကို ချိပ်ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသဖြင့် မိမိတို့နေအိမ်များ ပြန်လည် ရရှိရေး လျှောက်ထားရန် အခက်အခဲရှိနေသူများလည်း ရှိနေကြောင်း သိရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ၎င်းတို့အုပ်ချုပ်သည့် မြို့နယ်များတွင် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်သူများ ပိုင်ဆိုင်သော အဆောက်အအုံများကိုသာ အဓိကထား ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အမှန်တကယ် အပြစ်ကင်းစင်သူများအနေဖြင့် အချက်အလက်အပြည့်အစုံဖြင့် ဆက်လက် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-အာရက္ခ မှုခင်းနှင့်ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *